နေပြည်တော် ဇန်နဝါရီ ၁၀

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ဇန်နဝါရီ (၇)ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့်တာဝန်ရှိသူများက Danieli Technical Report ပါ ဆောင်ရွက်ရမည့်အချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အပ်နှံထားသော ငွေအပ်လုပ်ငန်းများ တိုးတက်မှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် မူလဘတ်ဂျက်လျာထားခေါင်းစဉ်နှင့် ဆက်စပ်အကျုံးဝင်သည့် လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ် စက်နှင့်စက်ပစ္စည်းခေါင်းစဉ်နှင့် အခြားခေါင်း စဉ်များမှ ငွေအပ်လုပ်ငန်းအဖြစ်အပ်နှံထားသည့် လုပ်ငန်း(၅)ခုအတွက် ကျသင့် သည့် တန်ဖိုး များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပေးချေနိုင်ရေးဆောင်ရွက်ရန်၊ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ခန့်မှန်းကုန်ကျစရိတ်များ တွက်ချက်ရာတွင် မှီငြမ်းကိုးကား သည့် အထောက်အထားများကို ထည့်သွင်းဖော်ပြရန်နှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် စာရင်းများစစ်ဆေးသည့် အချိန်တွင် ခိုင်မာသည့်အ ထောက်အထားများဖြင့် ရှင်းလင်းတင်ပြရန်၊ စက်ရုံလည်ပတ်နိုင်ရေးအတွက် အကောင်အ ထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ အစစ်ဆေးခံနိုင်ရေးအတွက် လိုအပ်သည့် အချက်အလက်များကို စနစ်တကျပြုစုထားရှိရန်၊ ငွေလုံးငွေရင်း အသုံး စရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ ယခုဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် အလုပ်ရုံအလိုက် ပြုပြင်ပြီးစီးသည့် စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အမြဲမပြတ် ကြည့်ရှုစစ်ဆေးရန်နှင့် လိုအပ်ပါက ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ချက်ချင်းဆောင်ရွက်ရန် မှာကြားသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် စက်ရုံအတွင်းရှိ စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအလုပ်ရုံတွင် တာဘိုင်နှင့် ဂျင်နရေတာ(၂)စုံနှင့် ဆက်စပ်သည့်အစိတ်အပိုင်းများ တပ်ဆင်ခြင်းဆောင်ရွက်နေမှု၊ Romelt Shop ရှိ ချော်ကန်နှင့် သံရည်ကန်များတွင် ရေဖြင့်အအေးခံစနစ် တပ်ဆင်ရေးလုပ်ငန်း၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်မှုစနစ်များ ဆောင်ရွက်နေမှုနှင့် စက်ပစ္စည်းကိရိယာများ ထပ်မံလိုအပ်မှု၊ (၁၂၅)တန် ကရိန်းတွင် ဘရိတ်စနစ် ပြုပြင်တပ်ဆင်ရန် လိုအပ်မှု၊ Control Cable နှင့် Power Cable များ ပြုပြင်ရန် လိုအပ်မှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်