နေပြည်တော် စက်တင်ဘာ ၂၀
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) သို့ရောက် ရှိစစ်ဆေးသည်။
ထိုသို့စစ်ဆေးစဉ် စက်ရုံမှူးနှင့်အရာထမ်းများ၊ စက်ရုံတည်ဆောက်ရေးစီမံကိန်းအဖွဲ့နှင့် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ် ကြုံတွေ့ ခဲ့ရမှုကြောင့် စက်ရုံရှိ စတို(၆)လုံး ရေဝင်ရောက်မှု၊ နမ့်တစ်ဖက်ချောင်း ရေလျှံ၍ ပထမအဆင့် ရေတွန်း အလုပ်ရုံသို့ ရေဝင်ရောက်မှု၊ မိုင်းတောင်အတက်လမ်းပျက်စီးခဲ့မှု၊ စက်ရုံအဝင်လမ်းမကြီးဘေး ကျောက်စီ ရေမြောင်းပျက်စီးခဲ့မှုနှင့် ပြန်လည်ပြုပြင်ရန် ဆောင်ရွက်နေမှု၊ စွန့်ပစ်အပူသုံးဓာတ်အားပေး အလုပ်ရုံရှိ ကေဘယ်ကြိုးများ သွယ်တန်းတပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှု၊ ရေသန့်စင်သည့်အလုပ်ရုံတွင် စက်ပစ္စည်းများ စစ်ဆေးပြုပြင်မှု လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေသန့်စင်ရေးအလုပ်ရုံရှိ စက်ပစ္စည်းများ အလိုအလျောက် ထိန်းချုပ်မောင်းနှင်နိုင်ရေးအတွက် ပရိုဂရမ်ရေးဆွဲခြင်းလုပ်ငန်းများ (၈၀) ရာခိုင်နှုန်း ခန့်ပြီး စီးမှု၊ ပထမအဆင့် ကြိတ်ခွဲအလုပ်ရုံတွင် မြေထိန်းနံရံများပြုလုပ်နိုင်ရေး ကိစ္စရပ်များကို ရှင်းလင်း တင်ပြကြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သည်များကို ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန်ဆုံးပြုပြင်နိုင်ရေးစီမံဆောင်ရွက်ရန်၊ စက်ရုံအတွင်း ရေကြီး ရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရန်၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ပါက ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေးအတွက် ကြိုတင် ကာကွယ်ရေးစီမံချက်များကို ရှုထောင့်ပေါင်းစုံမှသုံးသပ်၍ စီမံရေးဆွဲထားရန်၊ ထို့ပြင် သဘာဝဘေး အန္တရာယ်ကျရောက်နေစဉ်အတွင်း တုံ့ပြန်ဆောင်ရွက်မည့် အစီအမံနှင့် သဘာဝဘေးအန္တရာယ် ကျရောက်ပြီးပါက ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်မည့်အစီအမံတို့ကို လက်တွေ့ ကျကျရေးဆွဲထားရန် မှာကြားသည်။
စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့ရ သည့်နေရာများ၊ စွန့်ပစ်အပူသုံးဓာတ်အားပေးအလုပ်ရုံ၊ ရေသန့်စင်ရေးအလုပ်ရုံ၊ ဒိုလိုမိုက်ကျောက် ထုတ်လုပ်ရေး အလုပ်ရုံနှင့် သံသတ္တုရိုင်းများ ကြိတ်ခွဲဇကာချ အလုပ်ရုံတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်း ရရှိသည်။
(သတင်းစဉ်)


