နေပြည်တော် မတ် ၁၀

စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မတ် ၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်)သို့ ရောက်ရှိစစ်ဆေးသည်။ 

ဉီးစွာ အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် တာဝန်ရှိသူများက ခေတ်မီသိုလှောင်ရုံတွင် ကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် ဆေးဝါးကုန်ချောများ သိုလှောင်ထားရှိမှု၊ မြွေဆိပ်ဖြေဆေးများထုတ်လုပ် နိုင်ရေးအတွက် မြင်းများမွေးမြူထားရှိမှု၊ မြင်းများမှ သွေးရည်ကြည်များ ထုတ်လုပ်၍ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေမှု၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေ အနေတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ခေတ်မီသိုလှောင်ရုံသည် ကုန်ကြမ်း/ ကုန်ချောများ သိုလှောင်ထားရှိရာတွင် သတ်မှတ်အပူချိန်နှင့် စိုထိုင်းဆများအား ထိန်းသိမ်းထားရှိသဖြင့်  စက်ရုံအတွက် အလွန်အရေးကြီးကြောင်း၊ ခေတ်မီသိုလှောင်ရုံအား ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေးအတွက် ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးထား ရမည်ဖြစ်ကြောင်း၊ ပြည်သူများ မြွေအန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် မြွေဆိပ်ဖြေဆေးများကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးနှစ် ကုန်ဆုံးတော့မည်ဖြစ်၍ ဝန်ကြီးဌာနများမှ အမှာစာဖြင့် မှာယူထားသော ဆေးဝါးများကို အချိန်မီပေးသွင်းနိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ခေတ်မီသိုလှောင်ရုံတွင် ကုန်ကြမ်း/ကုန်ချောပစ္စည်းများထားရှိမှု အခြေအနေ၊ မြွေဆိပ်ဖြေဆေးများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ ထုတ်လုပ်ပြီး ဆေးဝါးများအား အရည်အသွေးထိန်းသိမ်းစစ်ဆေးနေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ကြည့်ရှုစစ်ဆေးသည်။

မတ် (၉)ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် လှိုင်မြို့နယ်ရှိ ရွှေကသာကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာ အလုပ်ရုံသို့ရောက်ရှိပြီး ဆိုလာပြားများထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
 
ဆက်လက်၍ ဒုတိယဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ချည်မျှင်နှင့်အထည်ထုတ်လုပ်မှု နည်းပညာဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိစစ်ဆေးပြီး ဝန်ကြီးဌာနမှ ထုတ်လုပ်လျက်ရှိသည့် ၁/၄၀ ချည်များနှင့် အခြားချည်များ၏ အရည်အသွေးထိန်းသိမ်းနိုင်ရေးအတွက် စစ်ဆေးရေးလုပ်ငန်းများကို အမြဲမပြတ် ဆောင်ရွက်သွားရန်နှင့် အရည်အသွေးစစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အထောက်အကူပြု စက်ပစ္စည်းကိရိယာများကိုလည်း ပျက်စီးမှုမရှိအောင် စဉ်ဆက်မပြတ် စစ်ဆေးပြုပြင်ရန်၊ ပြည်တွင်းအဝတ်အထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းအားလုံးမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်