နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ရှိ အမှတ် (၅) အထည်စက်ရုံ (ပခုက္ကူ) နှင့် အမှတ် (၁၁) အထည်စက်ရုံ (ပခုက္ကူ) များသို့ ရောက်ရှိပြီး စက်ရုံမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စက်ရုံများရှိ ချို့ယွင်းနေသည့် စက်ပစ္စည်းများကို  ကောင်းမွန်အောင် အမြန်ဆုံးပြုပြင်သွားရန်၊ ယခုဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်သွားရန် လာမည့်ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကိုလည်း ဝယ်ယူဖြည့်တင်းရန်တိုကိုမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ထုတ်လုပ်မှုလျာထားချက် ပြည့်မီရေးအတွက် ရေးဆွဲထားရှိသည့် စီမံချက်များအတိုင်း တိတိကျကျလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းအပ်နှံ ဆောင်ရွက်ထားသည့် စီမံကိန်းလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်နှင့် စက်ရုံ၌ တပ်ဆင်ပြီးစီးသည့် စက်ပစ္စည်းကိရိယာများ၊ စီမံကိန်းဝင် စက်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှု မရှိစေရေး အလေးထားဆောင်ရွက်ရန်၊ ဘဏ္ဍာရန်ပုံငွေများကို လေလွင့်ဆုံးရှုံးမှုမရှိအောင် စနစ်တကျသုံးစွဲသွားရန် မှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ယာဉ်အို၊ ယာဉ်ဟောင်းမှ ထွက်ရှိသည့် အင်ဂျင်ပျက်များ၏ အစိတ်အပိုင်းများကို စုစည်းထုတ်ပိုးနေမှု အခြေအနေနှင့် လေးထောင့်တုံး သံမဏိပြားများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထားလိုက်နာ ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်