နေပြည်တော်၊ ဩဂုတ် ၅
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဩဂုတ် (၃) ရက်နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) သို့ရောက်ရှိ စစ်ဆေးသည်။
ဉီးစွာစက်ရုံအစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့် အရာထမ်းများကို တွေ့ဆုံ၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ မူလလျာထားသည့်အတိုင်း ထုတ်လုပ်နိုင်ရေး လိုအပ်သည်များ စီမံဆောင်ရွက်ထားရန်၊ သံမဏိစက်ရုံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် သွင်းကုန်အစားထိုးလုပ်ငန်းဖြစ်ခြင်းကြောင့် နိုင်ငံတော်အတွက် အထောက်အပံ့ပြုမည့် လုပ်ငန်းများဖြစ်ရာ ဝန်ထမ်းများအနေဖြင့်လည်း ပေးအပ်သည့် တာဝန်များကို ဂုဏ်ယူ တတ်ကြရန်နှင့် ကျရာကဏ္ဍမှ အောင်မြင်အောင် အလေးထား ဆောင်ရွက်ကြရန်၊ ခေတ်နှင့်အညီ သံမဏိထုတ်လုပ်မှု နည်းပညာများ ဖွံ့ဖြိုးတိုးတက်အောင် အစဉ်အမြဲ လေ့လာ ဆည်းပူးဆောင်ရွက်ကြရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် စက်ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများကိုလည်း မှတ်တမ်းနှင့်တကွ စနစ်တကျစီမံဆောင်ရွက်ရန် မှာကြားသည်။
ဒုတိယဝန်ကြီးသည် ဩဂုတ် (၄) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ အမှတ် (၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီး သင်တန်းကျောင်းရှိ ဆရာ/ဆရာမများအနေဖြင့် သင်တန်းကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစား ဆောင်ရွက်ရန်၊ ဆရာ/ဆရာမဖြစ်သည်နှင့်လျော်ညီစွာ သင်တန်းကျောင်း၏ စံနမူနာပြ ဖြစ်အောင် ပြုမူနေထိုင်ကြရန်၊ အထည်ချုပ်သင်တန်းများ ဖွင့်လှစ်နိုင်ရေးအတွက် တပ်ဆင် ထားရှိသည့် စက်ပစ္စည်းများကိုလည်း စနစ်တကျထိန်းသိမ်းထားရှိရန်၊ သင်တန်းကျောင်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းလုပ်ငန်းများပြီးပြီဖြစ်ရာ လွှဲပြောင်းလက်ခံရေး အခမ်းအနား အတွက် အသေးစိတ်စီမံချက်များ ကြိုတင်ရေးဆွဲပြင်ဆင်ထားရန် မှာကြားသည်။
ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် တွဲဖက်တာဝန် ထမ်းဆောင်လျက်ရှိသည့် လားရှိုးခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာနမှ ဝန်ထမ်းများကို တွေ့ဆုံ၍ အားပေးစကားမှာကြားပြီး ထောက်ပံ့ငွေများ ပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးသည် အထည်ချုပ်သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် စက်ပစ္စည်းကိရိယာများ တပ်ဆင်ထားရှိမှု၊ အထည်ချုပ်သင်တန်းခန်းမ ပြင်ဆင်ထားရှိမှု၊ သင်တန်းသားစားရိပ်သာနှင့် သင်တန်းကျောင်းအဆင့်မြှင့်တင်ခြင်းစီမံကိန်း လွှဲပြောင်း လက်ခံခြင်း အခမ်းအနားကျင်းပမည့် အလုပ်ရုံတို့သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်



