နေပြည်တော် ဇန်နဝါရီ ၃
စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် သည် ဒီဇင်ဘာ (၃၀) ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပုဂ္ဂလိကစက်မှုလုပ်ငန်းများအား ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) သို့ ရောက်ရှိပြီးအစည်းအဝေးခန်းမ၌ ကျောင်းအုပ်ကြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အဆင့်မြှင့်တင်ရေး လုပ်ငန်းများပြီးစီးပါက လွှဲပြောင်းလက်ခံခြင်းမပြုမီ တတိယအဖွဲ့ အစည်း (Third Party) ဖြင့် စစ်ဆေးနိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန်၊ သင်တန်း ကျောင်းမဖွင့်လှစ်မီ ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေးအတွက် သင်တန်းများဖွင့်လှစ်ပေးရန်၊ သင်တန်းသားများအား လေ့ကျင့်သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်းများကိုလည်း ပြန်လည်ဆန်းစစ်သုံးသပ်ရန်တို့ကိုမှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဆပ်ပြာစက်ရုံ (မန္တလေး)သို့ ရောက်ရှိပြီး ရွှေဝါဆပ်ပြာများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့် ရှုစစ်ဆေးသည်။
ဒီဇင်ဘာ(၃၁) ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောက်ဆည်မြို့နယ်ရှိ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးနှင့်တာဝန် ရှိသူများကို ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် ပေးပို့ထားသည့် ဆေးရုံ သုံးပရိဘောဂ များကို ယခုဘဏ္ဍာရေးနှစ်အတွင်း ပြီးပြတ်အောင် ပေးသွင်းနိုင်ရေး ကြိုးစား ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကိုလည်း ကြိုတင်ဝယ်ယူ ဖြည့်တင်းထားရန် မှာကြားပြီး စတီးပစ္စည်း အမျိုးမျိုး၊ ဆေးရုံသုံးပရိဘောဂ ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့် ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မြစ်သားမြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံ (မြစ်သား)သို့ ရောက်ရှိပြီးတာဝန်ရှိသူများအား ဝါဂွမ်းအလေ အလွင့်များမှ ၁/၂၁ ချည်၊ ၁/၇ ချည်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်၊ ပြည်တွင်း၌ ၂/၈၀ ချည်များ မြောက်မြားစွာလိုအပ်နေ သဖြင့် ဖြည့်ဆည်းပေးနိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် မှာကြားပြီး စက်ရုံအတွင်း၌ ချည်မျှင်များထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်