နေပြည်တော်  ဇူလိုင် ၁
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ယမန်နေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း လက်အောက်ရှိ အမှတ် (၁) သံမဏိစက်ရုံ (ကျောက်စွယ်ကျိုး) သို့ ရောက်ရှိပြီး အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) မှ ထုတ်လုပ်သည့် Steel Billet များဖြင့် Deformed Bar များ ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး မကွေးမြို့ရှိအမှတ် (၅) စက်မှု သင်တန်းကျောင်း (မကွေး) သို့ သွားရောက်ပြီး ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများ နှင့် တွေ့ဆုံကာ နိုင်ငံတော်အတွက် လိုအပ်သည့် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်လာ‌ရေးနှင့် စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ၊ အလုပ်ရုံများအတွက် ကျွမ်းကျင်လုပ်သားများ ဖြည့်တင်းနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ လေ့ကျင့်သင်ကြားမည့် ဘာသာရပ်များကို ခေတ်နှင့်အညီ နည်းပညာများ ပေါင်းစပ်ပြီး သင်ကြားဆောင်ရွက်ပေးရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာ့ဆေးဝါးလုပ်ငန်း ဆပ်ပြာစက်ရုံ (မကွေး) သို့ ရောက်ရှိရာ စက်ရုံတာဝန်ခံနှင့် စက်ရုံငှားရမ်းဆောင်ရွက်လျက်ရှိသည့် Super Win Win Co., Ltd. မှ တာဝန်ရှိသူများက ဆပ်ပြာထုတ်လုပ်နေမှု၊ စက်စွမ်းအားပြည့်လည်ပတ်နေမှု၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက ပြည်တွင်း၌ လိုအပ်သော ဆပ်ပြာများ အရည်အသွေး ကောင်းမွန်စွာဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ ဈေးကွက်သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရန်နှင့် ကုမ္ပဏီအနေဖြင့် ရရှိသည့် အမြတ်များမှ ဝန်ထမ်းများနှင့် ဒေသကို လူမှုတာဝန်သိမှုလုပ်ငန်း (CSR) များ ဆောင်ရွက်ပေးရန် မှာကြားကာ ဆပ်ပြာ ထုတ်လုပ်နေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် Grade Myanmar Co., Ltd သို့ ငှားရမ်းထားသည့် အချိုရည်စက်ရုံ (မကွေး) သို့ ရောက်ရှိပြီး စက်ရုံအတွင်း သောက်ရေသန့်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့ပြင် ဒုတိယဝန်ကြီးသည် ဇွန် (၂၉) ရက်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ်ရှိ ပြောင်းဖူးထုတ်ကုန်ပစ္စည်းစက်ရုံ (ရန်ပယ်) သို့ သွားရောက်ပြီး အရည်အသွေး ပြည့်မီသည့် ပြောင်းဖူးထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အရည်အသွေး ကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း လက်အောက်ရှိ မီးခံအုတ်စက်ရုံ (ရုံးဆိပ်) သို့ သွားရောက်ပြီး အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) အတွက် သံရည်ကျိုလုပ်ငန်း ဆောင်ရွက်ရာတွင် လိုအပ်သည့် မီးခံအုတ်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး၊ အရည်အသွေးကောင်းမွန်စေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားပြီး စက်ရုံအတွင်း ကုန်ထုတ်လုပ်မှု ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ် (၁) အထည်စက်ရုံ (ရွှေတောင်) သို့ သွားရောက်ပြီး စက်စွမ်းအား အပြည့်အဝ လည်ပတ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ အရည်အသွေး ပိုမိုကောင်းမွန်စေရေး တီထွင်ကြံဆဆောင်ရွက်ရန်၊ စက်ရုံအနေဖြင့် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန်၊ နိုင်ငံတကာတွင် ဆောင်ရွက်နေသည့် ချည်ထုတ်လုပ်ခြင်း၊ ဆေးဆိုးခြင်းနည်းပညာများကို အစဉ်အမြဲလေ့လာရန် မှာကြားကာ စက်ရုံအတွင်း ချည်များထုတ်လုပ်နေမှု၊ ပိတ်များရက်လုပ်နေမှု၊ ပိတ်များဆေးဆိုးနေမှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်