နေပြည်တော် ဒီဇင်ဘာ ၂၈
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်းတို့နှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲ နှင့်ပြိုင်ပွဲ ကျင်းပမည့် ပုဗ္ဗသီရိမြို့နယ်ရှိ တပေါင်းကွင်းသို့ ရောက်ရှိပြီး MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရန် ပြခန်းများ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့သို့ ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနပြခန်းများ၊ ရိုးရာအစားအစာ ဆိုင်ခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ MSME ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလုပ်ငန်းနှင့် ကုန်ထုတ်သမဝါယမပြခန်းများကို အချိန်မီပြီးစီးရေးအတွက် တာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီမှဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်၊ အချိန်ဇယားများ ရေးဆွဲ၍ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် MSME ထုတ်ကုန်ပြပွဲကို (၂) ကြိမ် ကျင်းပပြီးသည့် အတွေ့အကြုံများ ရှိပြီးဖြစ်၍ လိုအပ်ချက်များရှိပါက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများ၏ အားသာချက်များကို ပိုမိုကောင်းမွန်အောင်နှင့် အားနည်းချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း၊ MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို MSME လုပ်ငန်းများ အောင်မြင်စေရန်နှင့် ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ရရှိစေရန်၊ ပြည်တွင်း / ပြည်ပအဖွဲ့အစည်းများ ပိုမိုချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ MSME လုပ်ငန်းများ ရေရှည်ရပ်တည်တံ့နိုင်ရန်တို့အတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်၍ လုပ်ငန်းတာဝန်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များက ပြည်ထောင်စုအဆင့် MSME ထုတ်ကုန် ပြပွဲနှင့် ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ယခင်ကျင်းပခဲ့သည့် ပြပွဲများနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း ထောက်ပံ့ ပေးသွားဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME ထုတ်ပစ္စည်းများ ခင်းကျင်းပြသနိုင်ရန် ပြခန်းများ တည်ဆောက်ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


