နေပြည်တော် မတ် ၃၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးသည် သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သူရ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေး မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ထားရှိမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ရုံးတောကျေးရွာရှိ ရွှေဝါထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းနှင့် ဆုလာဘ်ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ဆင်းရတနာ(၃)မျိုး နှမ်းနက် ၁၈ ဧက စမ်းသပ်စိုက်ပျိုးထားမှုနှင့် လယ်မြေ ၂ ဧကပေါ်တွင် စိုက်ပျိုးထားသော (green shot 35)မျိုး ပန်းဂေါ်ဖီစိမ်း၊ (Royal 900)မျိုး ပန်းဂေါ်ဖီဖြူနှင့် (New 588)မျိုး ဂေါ်ဖီထုတ်စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ရွှေဝါ ထွန်း(၂) စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းပိုင်မြေ ၂၄ ဧက ပေါ်တွင် မျိုးဇမ္ဗူသမဝါယမအသင်း၏ မဟာနွယ် မွေးမြူရေးလုပ်ငန်းစုက ခေတ်မီနည်းပညာသုံး Pullet House နှစ်ရုံနှင့် Layer House ခြောက်ရုံပါဝင်သည့် အကြီးစားစီးပွားဖြစ် ဥစားကြက်မွေးမြူရေးခြံများ၏ အဆင့်လိုက် ကြက်ခြံတည်ဆောက်နေမှုကို လည်းကောင်း လှည့်လည်ကြည့်ရှု ပြီး တာဝန်ရှိသူများအား လက်ရှိ မွေးမြူထားသော ကြက်သားပေါက် များကို သတ်မှတ်စံနှုန်းအတိုင်း နေရာအကျယ်အဝန်း ဖြစ်စေရေး၊ ကျန်းမာကြံ့ခိုင်စေရေး၊ ဆုံးရှုံးမှုမရှိစေရေးနှင့် သန့်ရှင်းရေးကို အထူးအလေးထား ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ ပျဉ်းမနားမြို့နယ်သမဝါယမအသင်းစုပိုင် ဘက်စုံခြံ၌ ရုရှားနေကြာ မျိုးများဖြစ်သော မာ့ဟ်ဟွန်း (Makhaon)၊ ဗော်လ်ကန် (Vulkan)၊ အစ်ပိုလစ် (Ippolit)များ ရိတ်သိမ်းပြီးစီးမှု အခြေအနေနှင့် အသားတိုးနွား မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါ ရုရှားနေကြာမျိုးများ အနက်မာ့ဟ်ဟွန်း (Makhaon)ရုရှားနေကြာမျိုးသည် စံပြစမ်းသပ် စိုက်ကွက်အနေဖြင့် တစ်ဧကလျှင် ၆၅ တင်းထွက်ရှိခဲ့ပြီး ကျန်သုံး ဧကသည် ရာသီဥတုမကိုက်ညီခြင်း၊ စိုက်ပျိုးချိန်နောက်ကျခြင်း၊ မြေအမျိုးအစား မတူညီခြင်း၊ မှိုရောဂါကျရောက်ခြင်းတို့ကြောင့် သတ်မှတ်ထားသော အပင်အရေအတွက် ပြည့်မီခြင်း မရှိဘဲ တစ်ဧကလျှင် ၃၃ တင်းသာထွက်ရှိကြောင်း၊ ကျန်စိုက်ပျိုးထားရှိသော Makhaon တစ်ဧက၊ Vulkan နှင့် Ippolit မျိုး ငါးဧကစီကို လာမည့်ဧပြီလအတွင်း ဆွတ်ခူးရိတ်သိမ်းသွားမည်ဖြစ်သည်။

 

ယင်းနောက် ဒုတိယဝန်ကြီး သည် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အားပေးစကား ပြောကြားကာ ဝန်ထမ်းတစ်ဦးချင်း၏ အခက်အခဲများအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်