နေပြည်တော် ဇူလိုင် ၇
စွမ်းအင်ဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ၏ စာဖတ်စွမ်းရည်၊ နားလည်သဘောပေါက်မှု စွမ်းရည်နှင့် ရှင်းလင်းတင်ပြခြင်းစွမ်းရည်တို့ မြင့်မားလာစေရန် ရည်ရွယ်ကျင်းပသည့် တင်ပြမှုစွမ်းရည် ယှဉ်ပြိုင်တင်ဆက်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၆)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် စွမ်းအင်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရာတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (Human Resource Development Plan)ရေးဆွဲဆောင်ရွက်သွားရေးမှာ အလွန်အရေးကြီးပါကြောင်း၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ပြည့်ဝနေစေရန်နှင့် လုပ်ငန်းကျွမ်းကျင် မှုရှိစေရန်အတွက် ဘာသာရပ်အမျိုးမျိုး လေ့ကျင့်သင်ကြားပေးခြင်းမှာ အခြေခံကျသည့် အခန်း ကဏ္ဍမှပါဝင်ပြီး ဘာသာရပ်ဆိုင်ရာအလိုက် သုတေသနနှင့်ဖွံ့ဖြိုးရေး (Research and Development – R&D) လုပ်ငန်းများ ဆောင်ရွက်နိုင်သည်အထိ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်လိုပါကြောင်း၊ လုပ်ငန်းဌာနအလိုက် ဝန်ထမ်းသစ်များကို လုပ်ငန်းခွင်အသားကျအောင် မိတ်ဆက်လေ့ကျင့်ပေးသည့် Orientation Course အဆင့်မျှနှင့်ရပ်မနေဘဲ လုပ်ငန်းကျွမ်းကျင်သည့် ဝန်ထမ်းများဖြစ်သည်အထိ လေ့ကျင့်သင်ကြား ပေးရန်ရည် ရွယ်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတော်၏ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်နိုင်မည့် ဝန်ထမ်းကောင်းများဖြစ်သည်အထိ လေ့ကျင့်ပြုစု ပျိုးထောင်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
အခမ်းအနား၌ ဝန်ထမ်း(၁၄)ဦးက ဝင်းသိန်းဦးရေးသားပြုစုခဲ့သော “MBA In A Day” စာအုပ်အား တစ်လကြာဖတ်ရှုလေ့လာ၍ ပြန်လည်ရှင်းလင်းတင်ပြခြင်းဖြစ်ရာ တင်ပြမှုစွမ်းရည် ယှဉ်ပြိုင်ခြင်းအပေါ် ဌာနအလိုက်တာဝန်ခံအရာရှိများမှ အကဲဖြတ်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင် စေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)