ရန်ကုန် ဇွန် ၉
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးသန့်စင်သည် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် မြန့်မာ့ရေနံဓာတုဗေဒ လုပ်ငန်းလက်အောက်ရှိ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)သို့ သွားရောက်၍ ယူရီးယားဓာတ်မြေဩဇာထုတ်လုပ်မှုနှင့် စက်လည်ပတ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေး သည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စက်ရုံသို့ရောက်ရှိရာ ယူရီးယားဓာတ်မြေ ဩဇာထုတ်လုပ်နေမှု၊ စက်ရုံပင်မထိန်းချုပ်ခန်းတွင် Distributed Control System (DCS) စနစ်ဖြင့် စက်ရုံထိန်းချုပ် လည်ပတ်နေမှု၊ ဓာတ်ခွဲခန်းများတွင် အရည်အသွေးတိုင်းတာ စစ်ဆေးနေမှုနှင့် ယူရီးယားဓာတ်မြေသြဇာ ထုတ်ပိုးဖြန့်ဖြူးပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် စက်ရုံရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ နေ့လယ်စာကို လက်ရည် တစ်ပြင်တည်း ရင်းနှီးစွာဖြင့် အတူတကွသုံးဆောင်ပြီး စက်ရုံအစည်းဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယဝန်ကြီးက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယူရီးယား ဓာတ်မြေဩဇာသည် မရှိမဖြစ်လိုအပ်ခြင်းကြောင့် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ယူရီးယားဓာတ်မြေဩဇာ ကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ စက်ပြုပြင် ထိန်းသိမ်းရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ အထူးသဖြင့် ပလတ်စတစ်ညစ်ညမ်းမှု တိုက်ဖျက်ရေး လုပ်ငန်းများ၊ နိုင်ငံပိုင်ပစ္စည်းများ ပျက်စီးလျော့နည်း လေလွင့်မှုမရှိစေရေး၊ စက်သုံးဆီနှင့် ငွေကြေးသုံးစွဲမှု စိစစ်ချွေတာသုံးစွဲရေး၊ စက်ရုံ၏ လုံခြုံရေး၊ စာရွက်စာတမ်းနှင့် သတင်းလုံခြုံရေးတို့ကို တာဝန်ရှိသူ အဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် စေရေးနှင့် အရည်အသွေး စွမ်းဆောင်ရည် တိုးတက်မြှင့်တင်နိုင်ရေး၊ စိမ်းလန်းစိုပြည် သန့်ရှင်းသပ်ရပ် လှပစေရေးနှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးတို့ကို ဆောင်ရွက်ကြစေလိုကြောင်း။
ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့်ပတ်သက်၍ တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနိုင်ရေး ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းအိမ်ရာ များ ပျက်စီးချို့ယွင်းမှုများရှိပါက ဦးစားပေးအဆင့်အလိုက် စစ်ဆေး ပြုပြင်ဆောင်ရွက်ပေးရန်၊ ဝန်ထမ်းများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင်ဖြစ်စေရေး၊ ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့အကျိုးကို ကောင်းစွာ သယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများ ဖြစ်လာစေရေးဆောင်ရွက်သွားရန်လိုကြောင်း၊ ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လျာထားချက်ထက် ပြည့်မီကျော်လွန်အောင် ထုတ်လုပ်နိုင်ရေး စက်ရုံမှူးနှင့် ဝန်ထမ်းများ အားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေလိုကြောင်းမှာကြားသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယဝန်ကြီးက စက်ရုံ၏ အလှည့်ဆိုင်းဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ အတွက် အင်အားဖြည့်အစားအစာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)