နေပြည်တော် ဇူလိုင် ၆ 
စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ကမ်းလွန်ရေနံ အခြေစိုက်စခန်းသို့ ရောက်ရှိပြီး စတိုဂိုဒေါင်အသစ်များ တည်ဆောက်ပြီးစီးမှု၊ ရေယာဉ်နှင့် ရေလုံသင်္ဘောကျင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဂဟေဆက်ကျွမ်းကျင်သင်တန်း၊ စက်မှု၊ လျှပ်စစ် ကျွမ်းကျင်သင်တန်းများနှင့် ရုံးလုပ်ငန်းနှင့်ဘဏ္ဍရေးဆိုင်ရာ ကျွမ်းကျင်မှု အခြေခံသင်တန်းများ ပို့ချနိုင်ရေး သင်တန်းခန်းမနှင့် ပို့ချမည့်အစီအမံများ စီစဉ်ဆောင်ရွက်နေမှု၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများ ဆောင်ရွက်နေမှု ၊ လူမှုတာဝန်သိလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဝန်ထမ်းအိမ်ရာများတွင် လျှပ်စစ် မီးကြိုးများ၊ ရေဆိုးမြောင်းများနှင့် မိလ္လာစနစ်များ စနစ်တကျ ပြုပြင်ထားမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။ 
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရည်အသွေး ပြည့်မီရေးနှင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးနိုင်ရေး၊ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် Standard Operating Procedure များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်ရန်၊ သင်တန်းခန်းမ၌ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေးနှင့် သင်တန်းသား အိပ်ဆောင်များ သန့်ရှင်းသပ်ရပ်စေရေး အလေးထားဆောင်ရွက်ရန်၊ လူမှုတာဝန်သိ လုပ်ငန်းများကို အမှန်တကယ် လိုအပ်နေသည့် နေရာများအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊ ရေကြီးရေလျှံမှုများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေး အစီအမံများ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် ဝန်ထမ်းအိမ်ရာများ သန့်ရှင်းသပ်ရပ်ရေးနှင့် လိုအပ်ချက်များ စိစစ်ဖြည့်ဆည်းပေးရန် မှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်