နေပြည်တော် ဖေဖော်ဝါရီ ၂၈

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိသည့် သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ရွှေကြာပင်အားကစားကွင်းနှင့် ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း ပြန်လည်ပြုပြင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ ဓာတ်လှေကားများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ VIP အထူးတန်း ပွဲကြည့် စင်မှန်များနှင့် မီးလိုင်းများ ပြန်လည်ပြုပြင် တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း၊ ဘောလုံးကွင်း မီတာ ၄၀၀ Synthetic ပြေးလမ်းခင်းကျင်းရန်အတွက် AC အလွှာ ခင်းကျင်းပြီးစီးမှု၊ မြက်ခင်းပြင် စိမ်းလန်း စိုပြည်စေရေးအတွက် ရေဖျန်းစနစ် တပ်ဆင်ထားရှိမှုကိုလည်းကောင်း၊ အားကစားသမား နားနေခန်း၊ အဝတ်လဲခန်း၊ ဒိုင်လူကြီးများ နားနေခန်း၊ သန့်စင်ခန်း အုတ်နံရံနှင့် နံရံပလာစတာများ ပြန်လည်ဖာထေး ပြုပြင်ပြီးစီးမှုကိုလည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ အားကစားရုံ (C) မျက်နှာစာရှိ ကားပတ်လမ်း ပြန်လည်ခင်းကျင်းပြီးစီးမှု၊ ရုံအတွင်းဘက် အုတ်နံရံနှင့် ပွဲကြည့်စင် ပြန်လည်ပြုပြင် ပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိရေကူးကန် မီတာ ၅၀ ပြိုင်ပွဲသုံး ရေကူးကန်နှင့် ဒိုင်ဗင်ကန် ပြန်လည်ပြုပြင်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ကောင်းမွန်စေရေးတို့အတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် မန္တလေးငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်ကောင်စီ၏ ပင်မအားကစားကွင်းဖြစ်သော ရွှေကြာပင်အားကစားကွင်း အတွင်းရှိ ဘောလုံးကွင်းမြက်ခင်းပြင် ပြန်လည်စိုက်ပျိုးပြီးစီးမှု၊ ရေဖျန်းစနစ် တပ်ဆင်ပြီးစီးမှု နှင့် ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသည့် မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် ပြန်လည်ခင်းကျင်းပြီးစီးမှုကိုလည်းကောင်း၊ ပေ (၄၈၀x၆၀) အနောက်ဘက် အထူးတန်းပွဲကြည့်စင်နှင့် ပေ (၁၈၀x၁၅၀) မိုးလုံလေလုံ အားကစားရုံရှေ့ မျက်နှာစာ Composite အပြားများ တပ်ဆင်ပြီးစီးမှု၊ ပွဲကြည့်စင်များနှင့် နံရံများပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ LED ဘုတ်ပြားပြုပြင်ပြီးစီးမှု၊ ရေလိုင်းမီးလိုင်းများ ပြန်လည်ပြုပြင် တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး သတ်မှတ်စံချိန်၊ စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီသည့် Synthetic ပြေးလမ်းပါ ဘောလုံးကွင်း ရေရှည်တည်တံ့စေရေး ထိန်းသိမ်းဆောင်ရွက်သွားရန် မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် လယ်ဝေးခရိုင်အတွင်းရှိ ဒက္ခိဏသီရိမြို့နယ် အားကစားကွင်း မြေသားပြေးလမ်း ခင်းကျင်းရန်အတွက် ကွင်းမြေညှိခြင်းလုပ်ငန်း၊ ဘောလုံးကွင်းကြမ်း ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ငါးရိုးရေစိမ့်မြောင်း ထည့်သွင်းပြီးစီးမှု၊ လေးလက်မ ကျောက်ခင်းခြင်းနှင့် အတွင်းရေနုတ်မြောင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ဂါလန် ၈၀၀၀၀ ဆံ့ ရေစုကန် (Ground Water Tank) မြေတူးခြင်းလုပ်ငန်း‌ဆောင်ရွက်နေမှုနှင့် 100 KVA Transformer တပ်ဆင်ပြီးစီးမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းပိုင်းဆိုင်ရာများကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်