ရန်ကုန်၊ မတ် ၁၀                 
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် အားကစား နှင့် ကာယပညာဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း ရေကူးကန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြားကာ ဝန်ထမ်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ သေနတ်ပစ်အဖွဲ့ချုပ်သို့ ရောက်ရှိပြီး စခန်းဝင် အားကစားသမားများ၏ လေ့ကျင့်နေမှုကို ကြည့်ရှုပြီး မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်၌ (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် စခန်းသွင်းလေ့ကျင့်နေသည့် အားကစားနည်း (၁၂) နည်းမှ အားကစားသမားများနှင့်  ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ပြိုင်ပွဲတွင် နိုင်ငံ့ ဂုဏ်ဆောင်နိုင်ရေးအတွက် အားပေးစကားပြောကြားကာ ဆေးခန်း၊ စားရိပ်သာများကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာ အားကစားကွင်းသို့ ရောက်ရှိပြီး  အထူးတန်းပွဲကြည့်စင်  ပြင်ဆင်ထားရှိမှု၊ Synthetics  ပြေးလမ်း၊ ဘောလုံးကွင်းနှင့် တည်ဆောက်ဆဲ လက်ဝှေ့အားကစားရုံ၊  အမျိုးသား/အမျိုးသမီး (၄)ထပ်အိပ်ဆောင် များကို လှည့်လည်ကြည့်ရှုစစ်ဆေး ကာလိုအပ်သည်များကိုတာဝန်ရှိသူများအား မှာကြားသည်။

 

mdn


ထို့နောက် ဒုတိယဝန်ကြီးသည်  လူငယ်အားကစားလေ့ကျင့်ရေးစခန်း (Youth Training Center) သို့ ရောက်ရှိရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် Myanmar National League  CEO  ဦးစိုးမိုးကျော်နှင့် တာဝန်ရှိသူများက လက်ရှိပြိုင်ပွဲကျင်းပနေမှုနှင့် ဖူဆယ်အားကစားနည်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေမှုများကို လိုက်လံရှင်းလင်းပြသသည်။
 ဆက်လက်၍ ဒုတိယဝန်ကြီးသည် YTC ဝင်းအတွင်းရှိ အမျိုးသား/အမျိုးသမီး (၄) ထပ် အားကစားသမား အိပ်ဆောင်များ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် ၊ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်တို့၏ လေ့ကျင့်ရေး အားကစားရုံများ၊ မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်၌ အားကစားသမားများ My Whoosh Software ဖြင့် Electric Bike  စီးနင်းလေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်