ရန်ကုန် ဩဂုတ် ၂၇
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး ပေ(၂၄၀ x ၆၀) ကြမ်းခင်းအဟောင်းဖျက်သိမ်းပြီး (၂)ထပ်လျှာထိုး ခင်းကျင်းရန်အတွက် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သော သစ်အမျိုးအစားကို အသုံးပြု၍ စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် တည်ဆောက်ရန်အတွက် မှာကြားသည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အားကစားနှင့်ပညာရေး ပေါင်းစပ်သင်တန်းကျောင်း၌ တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများအနေဖြင့် အားကစား၌သာမက စာပေပညာရပ်ဘက်တွင်ပါ ထူးချွန်အောင်မြင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ သားသမီးများကဲ့သို့ သဘောထား၍ အဆင့်မြင့်မြင့် အောင်မြင်နိုင်ရေးအတွက် ဆရာ/ဆရာမများ၊ သက်ဆိုင်ရာတာဝန်ရှိသူတို့မှ ပူးပေါင်း၍ အလေးထား ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Training လေ့ကျင့်ရေးပိုင်း၌ လစ်ဟာမှုမရှိစေရန်နှင့် လုံခြုံရေးသတိရှိရန်လည်း လိုအပ်ပါကြောင်း၊ မိမိကျောင်းအောင်ချက် ကောင်းမွန်စေရန် အထူးကြိုးစားကြရန်၊ စာပေနှင့်အားကစား၌ ထူးချွန်သော အားကစားသမားကောင်းများ ပေါ်ထွက်လာအောင် မွေးထုတ်ပေးနိုင်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့ ရောက်ရှိရာ အထူးတန်းပွဲကြည့်စင်၊ Synthetics ပြေးလမ်း၊ ရေစိမ့်မြောင်းနှင့် ရေဖျန်းစနစ်ပါသော ဘောလုံးကွင်းပြင်ဆင်မှု၊ တည်ဆောက်ဆဲဖြစ်သော တောင်ဥက္ကလာပမြို့နယ် တိုင်းရုံးနှစ်ထပ် (၈၁ ပေ x ၅၇ ပေ) Portico အပါ တည်ဆောက်နေမှုနှင့် ဘေးပတ်လမ်း ကွန်ကရစ်ခင်းရန် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရေကူးကန်သို့ရောက်ရှိပြီး RC-2 နှစ်ထပ် အမိုးပါပွဲကြည့်စင် ပေ(၁၂၀ x ၄၀) တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


