နေပြည်တော် မတ် ၂၉

 

၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ(၁)နာရီက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းသည်။

 

 အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်းကော်မတီဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ မျိုးသန့်နှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ဦးစွာ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို လူမှုစီးပွားဆိုင်ရာ စာရင်းအင်းအချက်အလက်များအား ဆန်းစစ်ခြင်းဖြင့် သိရှိနိုင်ခြင်းကြောင့် စာရင်းအင်းဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ တိကျမှန်ကန်စွာရရှိရေးသည် အလွန်အရေးကြီးပါကြောင်း၊ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက် များကို သန်းခေါင်စာရင်းကောက်ယူခြင်းမှသာရရှိ နိုင်ပြီး ယင်းအချက်အလက်များအပေါ် အခြေခံ၍ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဖွံ့ဖြိုးတိုးတက်ရန် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုဆောင်ရွက်ရပါကြောင်း။

 

မိမိတို့နိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက် (၁၀)နှစ် အကြာဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အချိန်ကျ ရောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ(၁)ရက် မှစ၍ ဆောင်ရွက်နေပြီဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ် တစ်ခုလုံးအနေဖြင့် စုစုပေါင်း (၅၄)လခန့် ကြာမြင့်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို မိမိတို့ဝန်ကြီးဌာနမှ ဦးဆောင်၍ အခြားသော ဆက်စပ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုသန်း ခေါင်စာရင်း ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ကော်မရှင်၏လုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ဗဟိုသန်းခေါင်စာရင်း ကော်မတီကိုလည်း ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဥပဒေနှင့်အညီ ကော်မတီအဆင့်ဆင့်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၊ ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်အထိ သန်းခေါင်စာရင်း ကော်မတီ များကိုလည်း ဆက်လက် ဖွဲ့စည်းနိုင်ရေး ယခုအစည်းအဝေးတွင် ဝိုင်းဝန်း ဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းများအောင်မြင်ရေး အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြ စေလိုပါကြောင်း အကျယ် တဝင့် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကော်မတီအတွင်းရေးမှူး၊ ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ယဉ်ဦးက ဗဟိုသန်းခေါင်စာရင်း ကော်မတီဖွဲ့စည်းရေးနှင့် သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန် ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက်ပံ့ပိုး ကူညီဆောင်ရွက်ပေး မည့်အစီအစဉ်၊ ကော်မတီအဆင့်ဆင့်တွင် ဌာနအလိုက်ပါဝင်ဖွဲ့စည်း ဆောင် ရွက်မည့် အခြေအနေ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးဌေးလှိုင်ကလိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည်နှင့်အညီ အားလုံးကဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ပေးနိုင်ရေး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)