နေပြည်တော် မေ ၂၆
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဧပြီ (၂၁) ရက်၊ ညနေပိုင်းက လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့် ကံသာကျေးရွာအုပ်စု၊ တံတားဦး ကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့မှ လေဘေးသင့်ပြည်သူများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ လယ်ဝေးမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များကို အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်သည် တာဝန်ရှိသူများနှင့်အတူ အောင်မြင်ကုန်းကျေး ရွာနှင့်တံတားဉီးကျေးရွာသို့ သွားရောက်၍ ဝန်ထမ်းများက လေဘေးသင့် ပြည်သူများအတွက် ပန်းခင်းစီမံချက်အဆင့်(၂) ကွင်းဆင်းဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် လေဘေးသင့်ရွာသူရွာသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသည့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြန်လည်ဆောင်ရွက်ထုတ်ပေးမည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများကို လုပ်ငန်းများထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရေးအတွက် ရုံးလက်ခံစာရင်းများနှင့် တိုက်ဆိုင်ကာ စနစ်တကျ ဖြည့်သွင်းဆောင်ရွက်ပေးရေး၊ လုပ်ငန်းများ အချိန်တိုအတွင်း ပြီးစီးနိုင်ရေးအတွက် လိုအပ်သော ဝန်ထမ်းအင်အားများ ထုတ်နုတ်ဆောင်ရွက်နိုင်ရေး မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တာဝန်ရှိသူများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်သော အိမ်ထောင်စု လူဦးရေစာရင်းများကို သက်ဆိုင်ရာ ကျေးရွာသူ၊ ကျေးရွာသားများထံ ပေးအပ်ပြီး ဒုတိယဝန်ကြီးက လုပ်ငန်းများ ထိရောက်လျှင်မြန်စေရေးအတွက် ဝန်ထမ်းအင်အား ထုတ်နုတ်ဖြည့်တင်းဆောင်ရွက်ရေး၊ အိမ်ထောင်စုအလိုက် မွေးဖွားမှုနှင့် သေဆုံးမှုရှိသူများအတွက် တစ်ပါတည်းစာရင်းရေးသွင်း ဆောင်ရွက်နိုင်ရေး အိမ်ထောင်စုလူဦးရေစာရင်း မရှိသေးသူများကိုလည်း စာရင်းပြုစုထားရှိရေး တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)