မန္တလေး ၁၃ ဇွန်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မဟာအံထူးကံသာဘုရားကြီး သို့သွားရောက်ကာ ဘုရားကြီးအတွင်း ဘုရားဖူးဧည့်သည်များ လိုက်နာဆောင်ရွက်နိုင်ရန် Social Distancing ဆိုင်ရာသတ်မှတ်ချက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘုရားကြီးအားဖွင့်လှစ်ထားရှိပြီး ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမျော်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ လှူဒါန်းသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးတင်လတ် သည် Royal Jasmine Hotel သို့သွားရောက်ကာ ဟိုတယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး ဟိုတယ်ဝန်ထမ်းများနှင့် တည်းခိုနေထိုင်မည့် ခရီးသွားများအတွက် လိုက်နာဆောင်ရွက်နိုင်ရန် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာဆောင်ရွက်ထားမှုများ ကိုကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပန်းတော်ဝင်စားသောက်ဆိုင်နှင့် စံပြစားသောက်ဆိုင်သို့ သွားရောက်ကာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ထားရှိပြီး စားသုံးသူများလာရောက်စားသုံးနေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်မြို့တွင် ဖွဲ့စည်းမည့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့ Destination Management Organization (DMO) တွင်ပါဝင်မည့် အဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့ ရွှေနန်းထိုက်ဟိုတယ်၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးဖြစ်သော မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများကို ဖွဲ့စည်း၍ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၏ လိုင်စင်ထုတ်ပေးခြင်းကိစ္စများအား ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများသို့ ၂၀၁၉ ခုနှစ် ဧပြီလတွင် လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီများကို စီမံခန့်ခွဲပိုင်ခွင့်များ ပေးအပ်ထားပါကြောင်း၊ Public - Private – Partnership ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်နှင့် ခရီးစဉ်ဒေသစီမံ ခန့်ခွဲမှုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရန် လိုအပ်ပါကြောင်း၊ ဥပဒေပါပြဌာန်းချက်များအတိုင်း လိုအပ်သည့် မြို့နယ်ခရိုင်များ၌ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMO)များကို ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများအပြင် ခရီးသွားလုပ်ငန်း ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသူများကိုပါ ထည့်သွင်းဖွဲ့စည်းသင့်ပါကြောင်း၊ DMO အဖွဲ့မှ ဆောင်ရွက်ရန်လုပ်ငန်းတာဝန်များကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ  သတ်မှတ်ထားပြီးဖြစ်ပါကြောင်း၊ ပြင်ဦးလွင်မြို့သည် ရှေးဟောင်းအဆောက်အဦများစွာ ရှိသည့်အတွက် Heritage ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်ရန် DMO များမှ အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် ပြင်ဦးလွင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ခရီးစဉ်ဒေသ စီမံခန့်ခွဲမှုအဖွဲ့(DMO)တွင် ပါဝင်မည့် အဖွဲ့ဝင်များက ပြင်ဦးလွင်ခရီးစဉ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေများ၊ ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားဧည့်သည်များ ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုတယ်၊ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများတွင် ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် သတ်မှတ်ချက်များ စည်းမျဉ်းစည်းကမ်းများနှင့်အညီ  လိုက်နာဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးဦးတင်လတ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်