နေပြည်တော် ၂၁ ဇူလိုင်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ပြည်တွင်းခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ခရီးစဉ်ဒေသများအား ကွင်းဆင်းစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၄ မိုင် ၂ ဖာလုံရှိ Swiss-Myanmar Orchards Eco Resort နှင့် လှည်းကူးမြို့နယ် ရေကျော်ကျေးရွာရှိ Mother Earth Organic Farm သို့ သွားရောက်၍ Eco-tourism နှင့် Farm Tourism ခရီးစဉ်ဒေသအဖြစ် ဖော်ဆောင်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဗိုလ်တစ်ထောင်မြို့နယ်အတွင်းရှိ ဝန်ကြီးဌာနပိုင် မြေနေရာနှင့် ပန်းဘဲတန်းမြို့နယ်ရှိ ဝန်ကြီးဌာနပိုင် အဆောက်အဦနေရာများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီးသည် ဇူလိုင် ၂၀ ရက် နံနက်ပိုင်းတွင် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီ (DMO) အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့ရှိ Center for Tourism Development ၌ တွေ့ဆုံသည်။

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ အလွန်ကာလတွင် ခရီးသွားလုပ်ငန်း ပုံစံအသစ်ဖြင့် ပြန်လည်စတင်ရာတွင် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် ဝန်ကြီးချုပ် ဦးဆောင်သော ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများက သက်ဆိုင်ရာဒေသ၏ လိုအပ်ချက်အပေါ်မူတည်၍ ခရီးစဉ် ဒေသစီမံခန့်ခွဲရေးကော်မတီများ (DMO) များကို ဖွဲ့စည်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်နေသည့် လက်ရှိအခြေအနေများကို ဒေသခံများက ပိုမိုသိရှိသည့်အတွက် DMO များဖွဲ့စည်းရာတွင် အဖွဲ့ဝင်များတွင် ဒေသအာဏာပိုင်များနှင့်အတူ ဒေသခံဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသူများ၊ မြို့မိမြို့ဖများကို ပါဝင်ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါကြောင်း၊ DMO အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ခရီးစဉ်ဒေသ ဖွံ့ဖြိုးရေးနှင့် အသစ်ဖော်ဆောင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆက်စပ်ဝန်ကြီးဌာနများ၏ ထုတ်ပြန်ချက်များကို ပေါင်းစပ်ကာ Tourism National Guideline For COVID-19 Safe Services ကို ပြုစုထုတ်ပြန်ထားပြီးဖြစ်ရာ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူများ၊ ခရီးသွား ဧည့်သည်များ စနစ်တကျ လိုက်နာဆောင်ရွက်နိုင်ရန် DMO များမှ ကြီးကြပ်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ယင်းနောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ၊ DMO အဖွဲ့ဝင်များက ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသအသစ်များ ဖော်ဆောင်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကို ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လက်ရှိတွေ့ကြုံနေရသည့် အခက်အခဲများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျောက်တန်းမြို့နယ် စံပြကျေးရွာရှိ ဓာတ်ပေါင်းစု ဆုတောင်းပြည့် ရွှေဘုံသာစေတီတော်၊ သံတဲကျေးရွာရှိ မီးပြတိုက်များသို့ သွားရောက်ကာ ခရီးစဉ်ဒေသအသစ် ဖော်ဆောင်နိုင်မှု၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်နိုင်မှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဘုရားဂေါပကထံသို့ အလှူငွေများပေးအပ် လှူဒါန်းသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပီလခတ်ကျေးရွာရှိ ပီလခတ်စရီအန်ဂါလဲအိစ်ဝရီ- စရီမဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်းနှင့် ပါဒကြီးစံပြကျေးရွာရှိ ဆုတောင်းပြည့်ပါဒကြီး ငါးထပ်ဘုရားကြီးသို့သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များ၊ Physical Distancing နှင့်အညီ ဘုရားများပြန်လည်ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုကာ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပါကြောင်း သိရသည်။

 

သတင်းစဉ်