နေပြည်တော်  ၁၅  ဇွန်

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရာတွင် ခရီးစဉ်ဒေသစီမံခန့်ခွဲမှု ကော်မတီများ ဖွဲ့စည်းရန်အတွက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များနှင့် မန္တလေးမြို့ စွမ်းဟိုတယ်၌ ဇွန် ၁၃ ရက် မွန်းလွဲပိုင်းတွင် တွေ့ဆုံဆွေးနွေးသည်။

 

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့် ဟိုတယ်နှင့်ခရီးသွားဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ ကာလတွင် ပိတ်ထားသည့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ ပြန်လည်စတင်ရာတွင် New Normal အနေဖြင့် ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည်စတင်နိုင်ရန် ဦးစားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းခရီးသွားများ သွားလာလည်ပတ်ရာတွင် ဘေးကင်းလုံခြုံစွာ သွားလာလည်ပတ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များကို Tourism National Guideline အဖြစ် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ စုစည်းပြုစုပြီးဖြစ်ပြီး Social Distancing ဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်စေရန် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ Destination Management Organization (DMO)များကို မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းဥပဒေနှင့်အညီ ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့ များနှင့် မြို့မိမြို့ဖများပါဝင်သော DMO များမှ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီးရှိ လူသိနည်းပါးသော ခရီးစဉ်ဒေသများကို အခြေပြု၍ ခရီးစဉ်လမ်းကြောင်း အသစ် (New Package) များ ဖော်ထုတ်၍ ပြည်တွင်းခရီးသွားများ အချိန်ကြာကြာ သွားလာလည်ပတ်နိုင်ရေးအတွက်လည်း DMO များမှ ဆောင်ရွက်စေလိုပါ ကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်နှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီဝင်များ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များက မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ စနစ်တကျနှင့် သန့်ရှင်း သာယာလှပစေရေး ဆောင်ရွက်မှု၊ ခရီးသွားလုပ်ငန်း ပြန်လည်စတင်လာပါက ခရီးသွားဧည့်သည်များ ဘေးကင်း လုံခြုံစွာဖြင့် သွားလာလည်ပတ်နိုင်ရေးနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်များတွင် ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်များနှင့် Social Distancing ဆိုင်ရာ သတ်မှတ်ချက်များအတိုင်း ဖွင့်လှစ် ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် မဟာဂန္ဓာရုံကျောင်းဆရာတော်အား သွားရောက်ဖူးမြော်၍ ဆရာတော်၏ သြဝါဒများကိုခံယူကာ အလှူငွေများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မဟာမုနိ ဘုရားကြီးသို့ သွားရောက်ကာ ဘုရားကြီးဂေါပကနှင့် တွေ့ဆုံ၍ အလှူငွေများ လှူဒါန်းပြီး ဘုရားကြီးအတွင်း ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှု၊ ဘုရားကြီးပြုပြင်မွမ်းမံနေမှုများနှင့် မြောက်ဘက်စောင်းတန်းအဝင်တွင် ခရီးသွားဝန်ဆောင်မှုပေးမည့် Tourist Information Center များ ထားရှိဆောင်ရွက်နေမှု၊ ခရီးသွားဆွဲဆောင်မှုတစ်ခုအနေဖြင့် ဝါဆိုခြင်းလုံးအားကစားရုံ ပြုပြင်မွမ်းမံနေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် Hotel Mandalay နှင့် Hotel Sakura Princess သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဟိုတယ်ဝန်ထမ်းများနှင့် တည်းခိုနေထိုင်မည့် ခရီးသွားများအတွက် လိုက်နာဆောင်ရွက်ရန် သတ်မှတ်ထားသော စည်းကမ်းများ၊ Social Distancing ဆိုင်ရာဆောင်ရွက်ထားမှုများနှင့် ခရီးသွားများ ရောက်ရှိ တည်းခိုနေမှုများ ကို ကြည့်ရှုစစ်ဆေးသည်။

 

ဒုတိယဝန်ကြီး ဦးတင်လတ်သည် ဇွန် ၁၄  ရက် နံနက်ပိုင်းတွင် ပုဂံမြို့ရှိ ရွှေစည်းခုံ ဘုရား၊ အာနန္ဒာဘုရားတို့ကို သွားရောက်ကာ Social Distancing ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဘုရားဂေါပကအဖွဲ့အား အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ပုဂံမြို့တွင် ဖွဲ့စည်းမည့် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ Destination Management Organization (DMO) တွင် ပါဝင်မည့် အဖွဲ့ဝင်များအား ပုဂံမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

 

ထို့နောက် မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် Aurium Palace Hotel နှင့် Royal Palace Hotel သို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဟိုတယ်ဝန်ထမ်းများနှင့် တည်းခိုနေထိုင်မည့် ခရီးသွားများ အတွက် လိုက်နာဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များ၊ Social Distancing ဆိုင်ရာ ဆောင်ရွက်ထားရှိမှုများ ကိုလည်းကောင်း၊ ပုဂံမြို့ Rain Restaurant နှင့် နှမ်းဖတ်ချဉ်စားသောက်ဆိုင်၊ ပုဂံလမ်းပေါ်ရှိ အညာလက်ဆောင် ထန်းရည်နှင့် ပိုင်ထန်းတော၊ အမြန်လမ်း မိတ္ထီလာတိုးဂိတ် ၂၈၅ မိုင်ရှိ Pioneer စားသောက်ဆိုင်၊ Famous စားသောက်ဆိုင်နှင့် Feel စားသောက်ဆိုင်များသို့ သွားရောက်ကာ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ၊ Social Distancing ဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ စားသောက် ဆိုင်များ ပြန်လည်ဖွင့်လှစ်ထားရှိပြီး စားသုံးသူများ လာရောက်စားသုံးနေမှုများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်