ရန်ကုန် ၂၂ ဩဂုတ်
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ River Cruise ဖြင့် လည်ပတ်နိုင်ရေး ခရီးစဉ်နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်တွင်းခရီးသွားပြည်သူများ၏ ခရီးသွားလာမှုပုံစံများ ပြောင်းလဲ သွားပါကြောင်း၊ လူဦးရေထူထပ်သော နေရာများ စားသောက်ဆိုင်များသို့သွားလာလည်ပတ်သည့် ပုံစံမှ ဘေးကင်းလုံခြုံမှုရှိပြီး လူထူထပ်မှုမရှိသော အပန်းဖြေနေရာများနှင့် စားသောက်ဆိုင်များကိုသာ သွားလာလည်ပတ်သည့် ပုံစံသို့ပြောင်းလဲလာပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်သား ကျေးရွာသည် ထိုကဲ့သို့ ခရီးစဉ်ဒေသမျိုးဖြစ်အောင် ဖော်ဆောင်နိုင်သည့် အလားအလာ များစွာရှိပါကြောင်း၊ ထိုကဲ့သို့ဖော်ဆောင်ရာတွင် ခရီးသွားများ River Cruise ဖြင့် လာရောက်ကာ တိုင်းရင်းသားကျေးရွာတွင် ဆိုက်ကပ်၍ အပန်းဖြေနားနေ စားသောက်နိုင်သည့် ခရီးစဉ်မျိုးဖြစ် အောင် တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် တိုင်းရင်းသားကျေးရွာမှ တာဝန်ရှိသူများက ပူးပေါင်း ဖော်ဆောင်ပါက ပြည်တွင်းခရီးသွားများ လာရောက်လည်ပတ်ရန်များစွာ အလားအလာ ရှိပါကြောင်း၊ စနစ်တကျနှင့် အများပြည်သူကို ဘေးအန္တရာယ်မဖြစ်စေမည့် ခရီးသွားလုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင် နိုင်ရေးအတွက် ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှမော်ဦးက ပြည်ထောင်စု တိုင်းရင်းသားကျေးရွာသည် တိုင်းရင်းသားအမွေအနှစ် မပျောက်စေရေးကို မြှင့်တင်ရေးနှင့် အများပြည်သူရုံးပိတ်ရက်များတွင် အပန်းဖြေလာရောက်လည်ပတ်နိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း၊ ဘာသာမျိုးစုံ လူမျိုးပေါင်းစုံ ပွဲလမ်းသဘင်မျိုးစုံ တို့ကို စုပေါင်းကျင်းပနိုင်သည့် Ethnic Community Point အဖြစ်ဆောင်ရွက်လိုပါကြောင်း၊ တိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသား လူမျိုးကြီး(၈)မျိုး၏ ရိုးရာယဉ်ကျေးမှုနှင့် နေထိုင်မှု ဓလေ့စရိုက်များကို ပုံဖော်ပြသထားပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ(၆)ခု၏ ရုံးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ထပ်မံထည့်သွင်းပြသနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ လက်ရှိကာလတွင် ပြည်ပခရီးသွားများထက် ပြည်တွင်းခရီး သွားဧည့်သည်များကို ပိုမိုလာရောက် လည်ပတ်နိုင်ရေး ရည်မှန်းချက်ထားရှိဆောင်ရွက် သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ တာဝန်ခံအရာရှိက ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် တိုင်းရင်းသားကျေးရွာ ပိတ်ထားသည့် အချိန်ကာလအတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ခရီးသွားဧည့်သည်များ River Cruise ဖြင့် လာရောက်လည်ပတ်နိုင်ရေး ဆိပ်ခံ ဘောတံတား ဆောင်ရွက် ၍ရနိုင်မည့် လျာထားနေရာကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာ ကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလက်မှုအနုပညာရှင်များအသင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ခရီးသွားဈေးကွက်မြှင့်တင်ရေး အသင်းတို့မှ တာဝန်ရှိသူများက ၎င်းတို့၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများကို သက်ဆိုင်ရာကဏ္ဍ အလိုက် ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် ဒုတိယဝန်ကြီး ဦးလှမော်ဦးတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကာပေါင်းစပ် ဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဦးတင်လတ်သည် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံခရီးသွား ဈေးကွက်မြှင့်တင်ရေးအသင်း တို့မှ တာဝန်ရှိ သူများနှင့်အတူ တိုးပွား River cruise ဖြင့် လိုက်ပါ၍ ရန်ကုန်မြစ်အတွင်း အပျော်စီး ရေယာဉ်ခရီးစဉ် ဖွံ့ဖြိုးရေးဆောင်ရွက်နိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်