ရန်ကုန် ၁၅ ဖေဖော်ဝါရီ
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ကျိုက်သလဲကျေးရွာတွင် ဆောင်ရွက်လျက်ရှိသော လူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးရာ Tour Mandalay Co.,Ltd မှ မန်နေးဂျင်းဒါရိုက်တာ ဦးခင်ဇော်က ကျိုက်သလဲ ကျေးရွာအတွင်း လူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှု၊ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် လာရောက်မှု၊ ခရီးသည်များတည်းခိုနေထိုင်ရန် အဆောင်များ ဆောက်လုပ်ပြင်ဆင်ထားရှိမှုနှင့် စားပင်သီးပင်များ စိုက်ပျိုးထားရှိမှုများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဦးတင်လတ်နှင့် အဖွဲ့သည် ဧည့်သည်ဆောင်များပြင်ဆင် ထားရှိမှု၊ သီးပင်စားပင်များ စိုက်ပျိုးထားရှိမှု၊ သန့်စင်ခန်းများ စနစ်တကျထားရှိမှုနှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ သွားရောက်ရာ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတာဝန်ခံနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌတို့က တိုင်းရင်းသားကျေးရွာအတွင်း တိုင်းရင်းသား လူမျိုး(၈)မျိုးတို့၏ ရိုးရာအိမ်များ၊ ဒေသအထိမ်းအမှတ် ပုံစံငယ်များအား ရိုးရာဓလေ့ ထုံးစံနှင့်အညီ ဆောက်လုပ်ပြသထားမှု၊ အပတ်စဉ်စနေနှင့် တနင်္ဂနွေနေ့များတွင် တိုင်းရင်းသားတိုင်းရင်းသူ သရုပ်ပြဝန်ထမ်းများ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်မှု၊ ရိုးရာအိမ်များအတွင်း ရိုးရာအသုံးအဆောင်ပစ္စည်းများကို ရိုးရာဓလေ့ထုံး စံနှင့်အညီ ခင်းကျင်းပြသထားမှုနှင့် သက်ဆိုင်ရာဒေသအလိုက် ဒေသပေါက်ပင်များ စိုက်ပျိုးပြသထားမှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လမုတော၊ ဒီရေရောက်တောများ ကာကွယ်ထိန်းသိမ်းထားရှိမှုများနှင့် ပြည်ထောင်စုတိုင်ရင်းသားကျေးရွာတွင် ဆောင်ရွက်ထားရှိမှုများကို ရှင်လင်းတင်ပြပြီး တိုင်းရင်းသား တိုင်းရင်းသူ သရုပ်ပြဝန်ထမ်းများ၏ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဧည့်ခံဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာတွင် ပြသထားသည့် တိုင်းရင်းသားလူမျိုး (၈)မျိုးတို့၏ ရိုးရာအိမ်များ၊ သက်ဆိုင်ရာ ဒေသအထိမ်းအမှတ် ပုံစံငယ်များ၊ ရိုးရာအိမ်များအတွင်း ရိုးရာအသုံးအဆောင်ပစ္စည်းများကို ရိုးရာဓလေ့ ထုံးစံနှင့်အညီ ခင်းကျင်းပြသထားမှုများ၊ ရိုးရာအိမ်များတွင် အမှတ်တရပစ္စည်းနှင့် သက်ဆိုင်ရာဒေသထွက် အစားအစာများရောင်းချနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်