နေပြည်တော် မေ ၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ မေ ၈ ရက် နံနက်ပိုင်း၌ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်ရှိ သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း မိုင်တိုင် ၃၂၈/၀ နှင့် မိုင်တိုင် ၃၃၅/၀ အကြား (၁၈)ပေအကျယ် ကွန်ကရစ်လမ်းပိုင်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လမ်းဘေး ဝဲ/ယာ ချုံရှင်းခြင်းလုပ်ငန်းနှင့် လမ်းဘေးရေမြောင်းများ မိုးမကျမီ ဆောင်ရွက်ရန်မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ခန္တီး - ဖားလမုန်း - တာမခံ - ညောင်ပင်လမ်း မိုင်တိုင် ၂/၄ နှင့် ၂/၅ အကြားရှိ တံတားအမှတ်(၂/၃)၊ မိုင်တိုင် ၈/၆ နှင့် ၈/၇ အကြားရှိ တံတားအမှတ် (၄/၉)၊ မိုင်တိုင် ၅/၁ နှင့် ၅/၂ အကြားရှိ တံတားအမှတ် (၂/၆) တံတားငယ်များ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုးမကျမီ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ရန်၊ အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး၊ လက်ရာသေသပ်ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ခန္တီး - ဖားလမုန်း - တာမခံ - ညောင်ပင်လမ်း မိုင်တိုင် ၀/၀ နှင့် ၉/၀ အကြားတွင် ခန္တီးမြို့နယ် လမ်းဦးစီးဌာနမှ (၅)ပေအရှည် (၂၄)ပေအကျယ် ကွန်ကရစ်တံတား (၁၀)စင်းနှင့် ပေ(၂၀)အရှည် (၂၄)ပေအကျယ် သံကူကွန်ကရစ် တံတား(၃)စင်း ဆောက်လုပ်လျက်ရှိသည်။ 

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန် - မန္တလေးအမြန်လမ်း (နေပြည်တော် - မန္တလေးလမ်းပိုင်း)အား လမ်းတစ်လျောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထို့ပြင် ဒုတိယဝန်ကြီးသည် မေ ၇ ရက် နံနက်ပိုင်း၌ စစ်ကိုင်းဒေသကြီး ခန္တီးခရိုင်၊ လဟယ်မြို့မှ ခန္တီး - ဆင်သေ - လဟယ်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

 

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ဆောင်ရွက်ပြီးလမ်းပိုင်းများ၌ ရေဆင်းမြောင်းနှင့် တောင်ပြိုမှုမရှိစေရေး ဆောင်ရွက်ရန်နှင့် (၁၈)ပေအကျယ်ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန် ကျန်ရှိသည့် လမ်းပိုင်းများတွင် ဒေသထွက် လမ်းခင်းကျောက်များ စုဆောင်းခြင်းအပြင် မိုးတွင်းကာလမတိုင်မီ လုပ်ငန်းအတွက်လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ စီမံဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပါဆောင် - ပါရိုး - ထန်ပါခွေလမ်း၏ လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို လမ်းတစ်လျှောက် ဆက်လက်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ခန္တီးမြို့နယ်၊  ဆင်သေကျေးရွာရှိ လမ်းအထူးအဖွဲ့(၁၉)ရုံး၌ စက်ယာဉ်ယန္တရားများ စုဖွဲ့မှုနှင့် ပြင်ဆင်သည့်အလုပ်ရုံသို့ ကြည့်ရှု၍ စက်ယာဉ်ယန္တရားများလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာကိစ္စများ ပေါ်ပေါက်လာပါက အဆင်သင့် အသုံးပြုနိုင်ရေးအတွက် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်