ရန်ကုန် ဇွန် ၁၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ   ဇွန် ၁၈ ရက် က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က  ပြည်သူ့အငှားအိမ်ရာ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် ဒုတိယအကြီးတန်းဥက္ကဋ္ဌ တို့က  FIF စနစ်ဖြင့် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး က အခြေခံအဆောက်အဦ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရရှိရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေးနှင့် အဆောက်အဦများ အရည်အသွေး စစ်ဆေးချက် လုပ်ငန်းတို့အား တစ်ပြိုင်တည်း ဟန်ချက်ညီ ဆောင်ရွက်ရေး စီမံကိန်းကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် မှာကြားပြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်း လုပ်ငန်းခွင်နေရာများသို့ ကြည့်ရှုစစ်ဆေးသည်။

 

 

mdn

 

ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ပြည်သူ့အငှားအိမ်ရာ စီမံကိန်းမြေဧရိယာ (၁၇၁) ဧကပေါ်တွင် (၄) ခန်းတွဲ ၊ (၅) ထပ် (၁၉၄) လုံး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မက်စ်မြန်မာဟိုင်းဝေးကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော အမှတ် (၂)လမ်း မိုင်(၈/၀)မှ (၁၆/၀)ထိ (၈) မိုင်အပိုင်း (၄၈) ပေ အကျယ် ကွန်ကရစ်လမ်းချဲ့ ပြီးစီးမှုနှင့်  မိုင် (၁၆/၀) မှ (၃၁/၀) အထိ (၁၅) မိုင် အပိုင်းအား (၄၈) ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခင်းခြင်း ဆောင်ရွက်နေမှုတို့ကို  ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

 

မွန်းလွှဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ပဲခူးမြစ်ကူးတံတား (ဒါးပိန်-သပြု) ချဉ်းကပ်လမ်းနှင့် တံတားကြံ့ခိုင်မှု၊ လှည်းကူး - ဖောင်ကြီးလမ်း (၉) မိုင် (၂) ဖာလုံရှိ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး Under Pass နှင့် လှည်းကူး - ကြို့ကုန်းလမ်း မိုင် (၀/၆) မှ (၁၀/၇) အတွင်း လမ်းဘေးဝဲယာ လမ်း အလင်းဖွင့် ဆောင်ရွက်နေမှု၊ လမ်းပခုံး ရှင်းလင်းခြင်းလုပ်ငန်းနှင့် တိုက်ကြီး - ဖူကြီး - ဖောင်ကြီး - ဘုရားကြီးလမ်း မိုင် (၁၇/၁) မှ (၂၁/၆) နှင့် နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) ထိ လမ်းတစ်လျှောက် ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

 

mdn

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ငါးဆူတောင်ကျေးရွာ - ကြာအင်းလမ်းနှင့် ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး အဝင်လမ်း  မြေသားအမာခံလမ်း ဆောင်ရွက်နေကိုလည်းကောင်း၊ အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ခြင်း လုပ်ငန်းတိုးတက်မှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် အမှတ်(၁) ခရိုင်ချင်းဆက်လမ်း မိုင် (၀/၀)မှ (၅/၇) အတွင်း ကျောက်ချောလမ်း ဖောက်လုပ်ခြင်း လုပ်ငန်းတိုးတက်မှုနှင့် မှော်ဘီမြို့နယ် လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၁၄) ရုံး၌ စက်၊ ယာဉ်၊ ယန္တရားများ စုဖွဲ့ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်