နေပြည်တော် ဇွန် ၂၀
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပရာ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ရာတွင် လက်ရာသေသပ်ကောင်းမွန်ရေး၊ အဆောက်အဦပတ်လမ်းနှင့် အဝင်အထွက်လမ်းများ ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် သတ်မှတ်ချိန်လုပ်ငန်းများ ပြီးစီးရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (နေပြည်တော်-ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင် (၂၀၄/၀) တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိခရိုင်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်း၊ လမ်းအူကြောင်းဖောက်လုပ်နေမှုနှင့် လမ်းလယ်ကျွန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်