နေပြည်တော် အောက်တိုဘာ ၁၆
ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းမှတဆင့် ရန်ကုန် - တောင်ငူ - မန္တလေးလမ်း တစ်လျှောက်ကိုလည်းကောင်း ၊ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းကိုလည်းကောင်း၊ တောင်ကြီးမြို့နယ် စဝ်စံထွန်းဆေးရုံကြီး၌ (၃) ထပ် လူနာဆောင် (၅၀"x ၆၀") ဆောက်လုပ်နေမှုကို လည်းကောင်း၊ ဟိုပုံးမြို့ နိုင်ငံ့ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ၊ (၄) ထပ် အိမ်ရာစီမံကိန်းသို့ ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် တောင်ကြီးမြို့၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ၊ အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက လူပုဂ္ဂိုလ်လုံခြုံရေး၊ စက်ယာဉ်၊ ယန္တရားများလုံခြုံရေး၊ ရုံး၊ အဆောက်အအုံ လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် စည်းမျဉ်း၊ စည်းကမ်း ပြဌာန်းချက်ပါအတိုင်း ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း၊ မိသားစု စိတ်ဓာတ်ဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းရေးရာ ကိစ္စရပ်များအပေါ် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်