နေပြည်တော်၊ အောက်တိုဘာ  ၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက လမ်းဦးစီးဌာန မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊ သာစည်မြို့နယ်၊ မလှိုင်မြို့နယ်၊ ပျော်ဘွယ်မြို့နယ်နှင့် လမ်းအထူးအဖွဲ့ (၉) တို့မှ ဝန်ထမ်းများနှင့် မိတ္ထီလာခရိုင် လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၌ တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရန်၊ နိုင်ငံတော်၏ဝင်ငွေ အခွန်အခများ လျော့နည်းမှုမဖြစ်ပေါ်စေရေးနှင့် ရသင့်ရထိုက်သည့် ဝင်ငွေများ တိုးတက်ရရှိစေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းများအတွက် သက်သာချောင်ချိရေးနှင့် ပျော်ပွဲရွှင်ပွဲများ ဆောင်ရွက်ကြရန် ကိစ္စရပ်များကို မှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး လမ်းဟောင်းရှိ (မိတ္ထီလာ - မန္တလေး လမ်းပိုင်း) (BOT) တိုးလ်ဂိတ်များဖြစ်သည့် မိတ္ထီလာ မြို့ရှောင်လမ်းတိုးလ်ဂိတ်နှင့် သပြေဝတိုးလ်ဂိတ်တို့တွင် လမ်းအသုံးပြုခ ကောက်ခံ ဆောင်ရွက်နေမှု အခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လမ်းအသုံးပြုခများကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံခြင်း မရှိစေရေး၊ လမ်းအသုံးပြုခ ကောက်ခံနှုန်းထား ဆိုင်းဘုတ်များကို အလွယ်တကူ မြင်တွေ့နိုင်ပြီး သိသာထင်ရှားစွာ စိုက်ထူရေးနှင့် လမ်းအသုံးပြုခ ကောက်ခံရရှိမှုများကို စာရင်းဇယားများဖြင့် စနစ်တစ်ကျ ဆောင်ရွက်ထားရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးသည် အသစ်ထပ်မံ ဆောက်လုပ်ရန်လျာထားသည့် ဝမ်းတွင်း မြို့လယ်တံတားနှင့် စမုံတံတား နေရာ၊ ကူမဲ - ကျောက်ဆည် လမ်းပိုင်းရှိ ရေဝန်း တံတားတည်ဆောက်ပြီးစီးမှုနှင့် ကျောက်ဆည် မြို့ရှောင်လမ်းတိုးဂိတ် လမ်းအသုံးပြုခ ကောက်ခံနေမှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အသစ်ထပ်မံ တည် ဆောက်မည့်ဝမ်းတွင်းမြို့လယ်တံတားအနေဖြင့် နောင်တွင် ဝမ်းတွင်းမြို့ရှောင်လမ်းများ ဖောက်လုပ်လာပါက ဖြစ်ပေါ်လာမည့် အခြေအနေပေါ် မူတည်ပြီး သေချာစွာ စဉ်းစားသုံးသပ် ဆောင်ရွက်သွားရန် မှာကြားသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် လမ်းဦးစီးဌာန ကျောက်ဆည်ခရိုင် လက်ထောက် ညွှန်ကြားရေးမှူး (မြို့ပြ) ရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံကာ လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် စဉ်ကိုင်တိုးဂိတ်အား ကြည့်ရှုစစ်ဆေးပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ (မန္တလေးဘဏ်ခွဲ) RC (၅) ထပ် အဆောက်အအုံ (၁) လုံး  တည်ဆောက်ရေးလုပ်ငန်းခွင် ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ရှိသူများက လုပ်ငန်းစီမံချက်များကို  ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်၊ သတ်မှတ် စံချိန်စံညွှန်းများအတိုင်း အရည်အသွေး ကောင်းမွန်အောင် တည်ဆောက်ရန်နှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရန် ကိစ္စရပ်များကို အထူးအလေးထား ဆောင်ရွက်ရန်မှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်