နေပြည်တော် မတ် ၁၃
လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ရန်ကုန်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေးနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် Charging Station များ ဆောက်လုပ်နေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် အောင်မင်္ဂလာ အဝေးပြေးယာဉ်ရပ်နားစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အမှတ်(၃)လမ်းမကြီး မိုင်တိုင်(၀/၀) မှ (၉/၂)အထိ လမ်းနယ်နိမိတ် သတ်မှတ်ချက်အတိုင်း လမ်းဘေးဝဲ/ယာ ဥပစာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် မိုင်တိုင်(၃/၅)မှ မိုင်တိုင် (၆/၅)ထိ (၇၄)ပေအကျယ် ကွန်ကရစ်လမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဓါတ်မီးတိုင်များ၊ သစ်ပင်ဆိုင်းဘုတ်များကို လမ်းနယ်နိမိတ်သတ်မှတ်ချက်အတွင်း မရှိစေရေး ဆောင်ရွက်ရန်မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင် (၃၂/၀)လသာကုန်း UnderPass မှတစ်ဆင့် ပဲခူးမြို့သို့ဝင်ရောက်သည့် ပဲခူးမြို့ရှောင်လမ်းဖောက်လုပ်ရာနေရာ၊ မိုင်တိုင် (၆၈/၃)နှင့် (၆၈/၄)ကြားရှိ ပေ(၄၂၀)အရှည်ရှိသည့် မရမ်းချောင်းတံတားနှင့် မိုင်တိုင်(၇၅/၇)နှင့် (၇၆/၀)ကြားရှိ ပေ(၄၅၀)အရှည် ကျန်ချောင်းတံတား နေရာများသို့ရောက်ရှိပြီး တံတားကြံ့ခိုင်မှု၊ ရေလည်တိုင်၊ မြေထိန်းနံရံနှင့် လမ်းလယ်ကျွန်းရေစီးမြောင်း ပြင်ဆင်နေမှုနှင့် တံတားဆေးသုတ်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၁၁၅/၀)ရှိ ဖြူးတိုးလ်ဂိတ်သို့ရောက်ရှိပြီး တိုးလ်ဂိတ်အဆောက်အအုံရုံး ဆောက်လုပ်မည့်မြေနေရာ၊ ယာဉ်ဖြတ်သန်းသွားလာမှု၊ ကွန်ပျူတာစနစ်ကောင်းမွန်မှု ရှိ/မရှိနှင့် ဝန်ထမ်းအိမ်ရာများ၊ (၁၁၅)မိုင်ရှိ Underpass ပြင်ဆင်နေမှုနှင့် ဖြူးယာဉ်ရပ်နားစခန်းတွင် Charging Station ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုင်တိုင်(၂၀၁/၀)ရှိ နေပြည်တော်ယာဉ်ရပ်နားစခန်း၌ Charging Station တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး မိုင်တိုင် (၂၀၄/၀)မှတစ်ဆင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အဝင်လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်