နေပြည်တော် ဇန်နဝါရီ ၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပဲခူးမြစ်ကူး သန်လျင်တံတားအမှတ် (၃) တည်ဆောက်နေသည့် စီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားတည်ဆောက်ရေး တာဝန်ခံနှင့် တံတားဦးစီးဌာန စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာချုပ်တို့က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန် လုပ်ငန်းများ စီမံချက်အတိုင်း သတ်မှတ်ချိန်အတွင်း ပြီးစီးရေး၊ စံချိန်စံညွှန်း ပြည့်မှီရေးတို့ကို အထူးဂရုပြု ဆောင်ရွက်ကြရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဒလတံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး တံတားကြီး အချိန်မီပြီးစီးရေးအတွက် တာဝန်ယူဆောင်ရွက်သော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းစီမံချက်အတိုင်း ဆောင်ရွက်ရန်လိုကြောင်း ၊ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်ငန်းကြန့်ကြာမှုအပေါ် ထိခိုက်မှုကို ပြန်လည်အစားထိုးမည့် စီမံချက် ကြိုတင်ရေးဆွဲထားရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်ရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးဂရုပြုဆောင်ရွက်ရေး သက်ဆိုင်ရာ ကဏ္ဍအလိုက်ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်သွားရန် မှာကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒလမြစ်ကူးတံတား တည်ဆောက်နေသည့် လုပ်ငန်းခွင်၌ ရေလည်တိုင် ဘိုးပိုင်များ၊ ဆင်ခြေလျှောတံတား ဘိုးပိုင်များပြီးစီးမှုနှင့် ဒလဘက်ခြမ်း ချဉ်းကပ်တံတား ဘိုးပိုင်များ ဆက်လက်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဒလတံတားသည် စုစုပေါင်းအရှည် (၁၈၆၇) မီတာ ၊ အကျယ် (၂၆ ဒသမ ၅) မီတာ ၊ လေးလမ်းသွား သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတားခံနိုင်ဝန် (၇၅) တန် ဖြစ်ကြောင်း၊ စုစုပေါင်း ပြီးစီးမှု (၂၉) ရာခိုင်နှုန်း ဖြစ်ကြောင်းသိရသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) သို့ ရောက်ရှိပြီး အဆောက်အဦဦးစီးဌာန ၊ လမ်းဦးစီးဌာန ၊ တံတားဦးစီးဌာန ၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။ တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ် ၊ စည်းကမ်းနှင့်အညီ တာဝန်ထမ်းဆောင်ကြရန် လိုအပ်ကြောင်း၊ ပါတီနိုင်ငံရေး ကင်းရှင်းကြရန်နှင့် ကိုဗစ် ရောဂါကာကွယ်ရေးအတွက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန် မှာကြားသည်။
ဆက်လက်၍ ရန်ကုန်မြောက်ပိုင်းခရိုင် ၊ Max Myanmar B.O.T Company မှ ဆောင် ရွက်နေသည့် အမှတ် (၃) လမ်းမကြီး မိုင်တိုင် (၀/၀ - ၉/၂) အတွင်း လမ်းတိုးချဲ့နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းနယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များကို သတ်မှတ်စည်းကမ်းအတိုင်း လိုက်နာရေး စီမံဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


