နေပြည်တော် နိုဝင်ဘာ ၁၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိပြီး ထားဝယ်မြို့မှ မြိတ်မြို့သို့သွားသည့် ဘုရားကြီး- မော်လမြိုင်- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်း( သရက်ချောင်းနှင့် ထားဝယ်)လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူး အဖွဲ့(၁၆)မှ တာဝန်ယူဆောက်လုပ်နေသည့် ထားဝယ်စာကြည့်တိုက်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဒုတိယဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်လုပ်ငန်းများအား စီမံချက် ရေးဆွဲဆောင်ရွက်ရန်၊ သတ်မှတ်ချိန်ပြီးစီးရေး၊ လက်ရာသေသပ်ကောင်းမွန်ရေးနှင့် အရည်အသွေး စံချိန်စံညွှန်းပြည့်မီရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်မြို့ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများအနေဖြင့် ကျရာတာဝန် ထမ်းဆောင်ချိန်တွင် ဒေသခံပြည်သူများ၏ အားကိုးယုံကြည်သည့် ဝန်ထမ်းကောင်းဖြစ်အောင် ကြိုးစားနေထိုင်ကြရန်နှင့် လူပုဂ္ဂိုလ်လုံခြုံရေး၊ စက်၊ ယာဉ်ယန္တရားနှင့် ရုံး၊ အဆောက်အဦလုံခြုံရေးတို့ကို ဂရုစိုက်ရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ဝန်ထမ်းများက တင်ပြမှုများအပေါ် ဦးစီးဌာနအလိုက် တာဝန်ရှိသူများက ဖြေရှင်း ဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)ရုံး၌ ဦးစီးဌာနအလိုက် ဝန်ထမ်းများနှင့် ရင်းနှီးနွေးထွေးစွာ နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်