နေပြည်တော် နိုဝင်ဘာ ၁၄

 

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဘုရားကြီး - မော်လမြိုင် - ထားဝယ် - မြိတ် - ဘုတ်ပြင်း - ကော့သောင်းလမ်း (၅၂၀ ဒသမ ၃၃၄) ကီလိုမီတာမှ (၅၂၂ ဒသမ ၃၃၄) ကီလိုမီတာအတွင်း (၄)လမ်းသွား လမ်းတိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို မြေပြင်ကွင်းဆင်း ကြည့်ရှုသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ထားဝယ် - ကမြောကင်း - လောင်းလုံးလမ်းပေါ်ရှိ ထားဝယ်မြစ်အား ဖြတ်သန်းဖောက်လုပ်ထားသည့် ကမြောကင်းတံတားသစ် တည်ဆောက်နေသည့် စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တံတားဦးစီးဌာန၊ တည်ဆောက်ရေး အဖွဲ့(၄)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းနိုင်က ကမြောကင်းတံတားသစ် တည်ဆောက်နေမှု အခြေအနေများကိုလည်းကောင်း၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသက်ဇော်ဝင်းက ချဉ်းကပ်လမ်းတည်ဆောက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ကမြောကင်းတံတားသစ် စီမံကိန်းဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ခွင့်ပြုရန်ပုံငွေရရှိမှုနှင့် မြေပြင်လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား မေးမြန်းစိစစ်ပြီး၊ ဆက်လက်ဆောင်ရွက်ရမည့် လျာထားလုပ်ငန်းများအတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် စီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းဆိုင်ရာ လုပ်ငန်းများကို စနစ်တကျတွက်စစ်ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်လိုကြောင်း၊ တံတားချဉ်းကပ်လမ်း ဆောင်ရွက်ရာတွင် နေ့စဉ်ယာဉ်ဖြတ်သန်းသွားလာမှု အရေအတွက်၊ ယာဉ်ကြောပိတ်ဆို့မှု ပြဿနာဖြေရှင်းနိုင်မှုကြောင့် ကုန်စည်စီးဆင်းမှု မြန်ဆန်လာနိုင်ရေးအတွက်ပါ စဉ်းစားလုပ်ဆောင်ရန်လိုကြောင်း မှာကြားသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမြောကင်းတံတားအသစ် တည်ဆောက်နေမှုနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်နေမှုတို့ကို ထားဝယ်မြို့သို့အဝင်ဘက်အခြမ်း၊ လောင်းလုံးမြို့နှင့် မောင်းမကန်သို့ ခွဲထွက်သည့် အဝိုင်းပတ်နေရာများသို့ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်