ရန်ကုန် ဒီဇင်ဘာ ၁၇
အလုပ်သမားရေးရာလုပ်ငန်း ညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဉီးစွာ ဒုတိယဝန်ကြီးက သင်တန်းတွင် WCC အဖွဲ့ဝင်များ အရည်အချင်းပြည့်ဝစေရန် ဝန်ကြီးဌာနရှိ ဦးစီးဌာနအလိုက် တာဝန်ခံအရာရှိများက သင်ကြားပို့ချပေးမည်ဖြစ်ပြီး ခုံသမာဓိ ကောင်စီဝင်များနှင့် ခုံသမာဓိအဖွဲ့ဝင်များက အငြင်းပွားမှု ဖြေရှင်းရာတွင် ကြုံတွေ့ရသည့် အားသာချက်၊ အားနည်းချက်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ WCC တွင် ဆွေးနွေးညှိနှိုင်းမှု အားကောင်းသည်နှင့်အမျှ အလုပ်ရှင်၊ အလုပ်သမားများအကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေပြီး လုပ်ငန်းခွင်မပျက် ဆွေးနွေးညှိနှိုင်းအဖြေရှာ၍ ကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေး တည်ထောင်နိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ကမာရွတ်မြို့နယ်ရှိ M Hospitality & Tourism Institute သို့ သွားရောက်၍ ဟိုတယ်နှင့် အစားအသောက်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ် ပို့ချနေမှုကို ကြည့်ရှုအားပေးပြီး M Hospitality & Tourism Institute သင်တန်းကျောင်း အနေဖြင့် ဟိုတယ်စားပွဲထိုး ဝန်ဆောင်မှုသင်တန်းနှင့် အိပ်ခန်းဆောင်ထိန်းသိမ်းရေး သင်တန်း အမျိုးအစားများအပြင် အလုပ်အကိုင် အခွင့်အလမ်းများသော အခြားဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမျိုးအစားများကို တိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်နှင့် သင်တန်းဆင်းများကို အရည်အသွေး အာမခံချက်ရှိစေရေးအတွက် NSSA အသိအမှတ်ပြု ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာနများတွင် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ခံယူနိုင်ရေး ဆောင်ရွက်ပေးရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


