ရန်ကုန် ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပသည်။

အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန  ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အလုပ်သမားရေးရာဌာနများမှ တာဝန်ရှိသူများ၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးဌာန တာဝန်ခံ များ၊ စစ်ဆေးရေးမှူးများနှင့် စစ်ဆေးအကဲဖြတ်သူများ၊ UMFCCI၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ်၊ မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်ဇုန်)တို့မှ တာဝန်ရှိသူများ၊ NSSA အသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင် လုပ်သားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီ နယ်မြေတို့မှ အလုပ်အကိုင် (၈) မျိုးအတွက် ကျွမ်းကျင်လုပ်သား (၂၆၂) ဦး၊ အလုပ်အကိုင် (၁၆) မျိုးအတွက် စစ်ဆေးအကဲဖြတ်ရေးဌာန (၂၁) ခုနှင့် အလုပ်အကိုင် (၃) မျိုးအတွက် စစ်ဆေးအကဲဖြတ်သူ (၉) ဦးတို့ကို အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များ ပေးအပ်မည် ဖြစ်ကြောင်းနှင့် အသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင်လုပ်သားများအနေဖြင့် မိမိစွမ်းဆောင်ရည် ပိုမိုမြင့်မားလာစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူကြရန် တိုက်တွန်းပါကြောင်း မှာကြားပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များနှင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန အသိအမှတ်ပြု လက်မှတ်များကို  ကာယကံရှင်များထံ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်ရှိ  အထည်ချုပ်စက်ရုံများ ဖြစ်သည့် MAO FENG Garnments Co.,Ltd ၊ HUAFA (Myanmar) Garnment Co.,Ltd နှင့် Myanmar Dongtai Co.,Ltd  စက်ရုံများသို့ သွားရောက်၍ လုပ်ငန်းခွင်များတွင် ကြုံတွေ့နေရသည့် အခက်အခဲများရှိပါက အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် လေးစားယုံကြည်မှုဖြင့် ညှိနှိုင်းဖြေရှင်းရေး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုဖြင့် လုပ်ငန်းခွင်အေးချမ်းသာယာ၍ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး အလေးထားဆောင်ရွက်ရန်မှာကြားပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများအား ရင်းရင်းနှီးနှီး အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်