ရန်ကုန် မတ် ၁၅
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီးရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ CMP အထည်ချုပ် လုပ်ငန်းရှင်များ၊ မန်နေဂျာများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက MSME များကို အားပေးမြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားကို ဖွံ့ဖြိုး တိုးတက်လာစေပြီး နိုင်ငံသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင် ကြောင်း၊ CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဆပ်ကော်မတီများ ထပ်မံဖွဲ့စည်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်းဒေသကြီးရှိ CMP စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ် စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာအငြင်း ပွားမှု လျော့နည်းပပျောက်စေရေး အတွက် တည်ဆဲ အလုပ်သမားရေးရာဥပဒေများနှင့်အညီ အလုပ်ရှင်အလုပ်သမားများက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တက်ညီလက်ညီ ပူးပေါင်းဆောင် ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရွှေပြည်သာမြို့နယ်ရှိ အိတ်ချုပ်စက်ရုံ Myanmar GiGi Leather Goods Manufactory Co., Ltd နှင့် အင်းစိန်မြို့နယ်ရှိ Kaixi (Myanmar) Fashion Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး CMP လုပ်ငန်းများသည် အလုပ် အကိုင်အခွင့်အလမ်းအများဆုံး ဖန်တီးပေးနိုင်ပြီး မြန်မာလုပ်သားထုနှင့် နိုင်ငံတော်အတွက် ရေတိုရေရှည် အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေးလုပ်ငန်းဖြစ်ခြင်းကြောင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်များတွင် CMP လုပ်ငန်းများကို ဖွင့်လှစ်ခွင့်ပြုပြီး သက်ဆိုင်ရာဦးစီးဌာန များမှစည်းကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC) နှင့် အလုပ်ရှင် တို့သည် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းပြီး မတော်တဆထိခိုက်မှုနှင့် လုပ်ငန်းခွင်ရောဂါထိခိုက်ခံစားမှုလျော့နည်း ကျဆင်းလာသည်နှင့်အမျှ ကုန်ထုတ်စွမ်းအားတိုးတက်စေရေးများစွာ အထောက်အကူဖြစ်စေနိုင်ကြောင်း မှာကြားခဲ့သည်။
(သတင်းစဉ်)