ရန်ကုန် ဒီဇင်ဘာ ၂၇

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံ(ဆိပ်ကမ်း) စက်မှုဇုန် ကနောင်ခန်းမ၌ စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဌနှင့် အတွင်းရေးမှူးများ၊ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းရန် ပြင်ဆင်ထားသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက တိုင်းဒေသကြီးအဆင့် အလုပ်သမားအဖွဲ့အစည်း၊ အလုပ်သမားအဖွဲ့ချုပ်၊ အလုပ်သမား ရေးရာအဖွဲ့တို့ကို အလုပ်သမားများ၏ ဆန္ဒသဘော ထားအရ အဆင့်ဆင့် တည်ထောင်ဖွဲ့စည်း နိုင်ရေးလိုအပ်သည့် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမား အဖွဲ့အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အလုပ်သမားအချင်းချင်းအကြား၊ အလုပ်ရှင်နှင့်အလုပ်သမားအကြား ဆက်ဆံရေးကောင်းမွန်စေရန် စနစ်တကျနှင့် လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်းမှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ်၊ စက်မှုဇုန်ရှိ  အထည်ချုပ်စက်ရုံ များဖြစ်သည့် Golden Theparerg Co., Ltd(GTP)၊ Westwood Myanmar Co., Ltd နှင့် General Enterprises (GEG)(1) စက်ရုံများသို့သွားရောက်၍ စက်ရုံအတွင်း အလုပ်သမားများ အေးချမ်းစွာ လုပ်ကိုင်နေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ  လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်မှုသည် စက်ရုံ၏ ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေး နိုင်သဖြင့် အလုပ်ရှင်၊ အလုပ်သမားများက အလေးထားဆောင်ရွက်ရန်လိုကြောင်း မှာကြားသည်။

(သတင်းစဉ်)