ရန်ကုန် ဩဂုတ်  ၂

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်ရှိ King Lead Co.,ltd နှင့် Emeral Foot Wear (Shoe) Co.,ltd အထည်ချုပ်စက်ရုံနှင့် ဖိနပ်စက်ရုံများသို့ ကွင်းဆင်းအားပေးရာ ဉီးစွာ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊  ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမားအဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင် ကျန်းမာရေးတာဝန်ခံများက လုပ်ငန်းခွင် အခြေအနေများကို ရှင်းလင်းတင်ပြမှုကို ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေးခဲ့ပြီး စက်ရုံ အတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများကို ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။

ယင်းနောက်ဒုတိယဝန်ကြီးက CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် CMP လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း၍ CMP လုပ်ငန်းစနစ်တကျရှိစေရေး ကြီးကြပ် ဆောင်ရွက်ပေးနေကြောင်း၊ ဆပ်ကော်မတီအလိုက် ကွင်းဆင်းစစ်ဆေးတွေ့ရှိချက် အစီ ရင်ခံစာကို CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ အတည်ပြုချက်ဖြင့် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်သို့ တင်ပြလျက်ရှိကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကုန်ထုတ်စွမ်းအား တိုးတက်ရေး အတွက် အလေးထားဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဒုတိယဦးစားပေး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းများ တိုးတက်စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ ဒေသဆိုင်ရာအစိုးရနှင့် ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ယူ၊ တာဝန်ခံ ခြင်းဖြင့် တက်ညီလက်ညီ အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ CMP စက်ရုံ၊ အလုပ်ရုံများ တွင် လုပ်ငန်းခွင်တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ အလုပ်သမားရေးရာ အငြင်းပွားမှု လျော့နည်းပပျောက်စေရေး တည်ဆဲအလုပ်သမားရေးရာ ဥပဒေများနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ပေးရန် ဆွေးနွေး မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း) စက်မှုဇုန်ရှိ Dangon Talent Co.,Ltd နှင့် Woorie MJ Shirts Co.,Ltd  အထည်ချုပ်စက်ရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးအလုပ် သမားရေးရာ ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ရေး၊ လုပ်သားများ၏ သက်သာချောင်ချိရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး အတွက် အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန် နားလည်ယုံကြည်မှု၊ စေတနာပါမှုတို့ဖြင့် ဆောင်ရွက် ပေးရန်မှာကြားပြီး စက်ရုံအတွင်းအလုပ်သမားများ အေးချမ်းစွာလုပ်ကိုင်နေမှု အခြေအနေများကို ကြည့်ရှုအားပေးသည်။

(သတင်းစဉ်)