ရန်ကုန် ဒီဇင်ဘာ ၉
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမတွင် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားများနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေရေး ရှင်းလင်းမှာကြားသည်။
ထို့နောက် မြစိမ်းရောင်စက်မှုဇုန်ရှိ Charis Co.,Ltd ပန်းပုစက်ရုံသို့ သွားရောက်ကာ စက်ရုံ အစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေး ကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေး အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးတာဝန်ခံများကိုတွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှု၍ လုပ်သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးသည်။
မွန်းလွဲပိုင်းတွင် ရွှေပြည်သာစက်မှုဇုန်ရှိ ကနောင်ခန်းမတွင် အလုပ်သမားရေးရာ ကိစ္စများနှင့်စပ်လျဉ်း၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီး ဝါးတရာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများဖြစ်သော GTIG HUBO Co.,Ltd ၊ Wellform Myanmar Co.,Ltd နှင့် Sheng Mei Garnment Co.,Ltd သို့ရောက်ရှိ၍ စက်ရုံအစည်းအဝေးခန်းမတွင် စက်ရုံတာဝန်ခံများ၊ မန်နေဂျာများ၊ ကြီးကြပ်ရေးမှူးများနှင့် စက်ရုံအလုပ်သမား အဖွဲ့အစည်းဝင်များ၊ လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီဝင်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေး နှင့်ကျန်းမာရေးတာဝန်ခံများကိုတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက အလုပ်သမားရေးရာကိစ္စနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနရှိ ဦးစီးဌာန၊ အဖွဲ့များသို့ အချိန်မရွေးဆက်သွယ်နိုင်ကြောင်း၊ အလုပ်ရှင်နှင့်အလုပ်သမားများ ဆောင်ရန်၊ ရှောင်ရန် အချက်များကို သိရှိထားရန်လိုပြီး အလုပ်သမားရေးရာ ဥပဒေများနှင့်အညီ လိုက်နာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်သားများကို ကြီးကြပ်သူများက အထက်အောက်မျှတစွာ စီမံအုပ်ချုပ်ရန်နှင့် အလုပ်ရှင်၊ အလုပ်သမား နွေးထွေးသည့် ဆက်ဆံမှုသည် စက်ရုံ၊ အလုပ်ရုံ၏ ပုံရိပ်ကိုများစွာ သက်ရောက်မှုရှိစေနိုင်ရန် မှာကြားခဲ့ကြောင်းသိရသည်။
သတင်းစဉ်


