ရန်ကုန် ဒီဇင်ဘာ ၁၆

လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး သင်တန်းကျောင်း၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဉီးစွာဒုတိယဝန်ကြီးက သင်တန်းတွင် လုပ်ငန်းခွင်အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေး၊ လုပ်ငန်းခွင်အတွင်း လျှပ်စစ်အန္တရာယ်နှင့် လုပ်ငန်းခွင်သုံးဘွိုင်လာများ ဘေးအန္တရာယ် ကင်းရှင်းရေး၊ ဓါတုပစ္စည်းနှင့်ဆက်စပ် ပစ္စည်းများအန္တရာယ်မှ တားဆီးကာ ကွယ်ရေး၊ လုပ်ငန်းခွင် ကျန်းမာရေးဆိုင်ရာ အခြေခံသဘောတရား ဘာသာရပ်များကို သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းသား ကော်မတီဝင်များအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိအမြင်များ တိုးတက်လာပြီး လုပ်ငန်းခွင်အတွင်း ထိရောက်ကောင်းမွန်သည့် အန္တရာယ် ထိန်းချုပ်ရေး နည်းလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း၊ လုပ်ငန်းခွင်ရှိ အလုပ်သမားများထံသို့ အသိအမြင်များ ဖြန့်ဝေနိုင်ခြင်း၊ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာနိုင်ခြင်းတို့ကြောင့် သင်ခန်းစာများကို အလေးထားမှတ်သားသင်ယူရန်နှင့် သင်တန်းဆင်းပြီးနောက် လုပ်ငန်းခွင်အတွင်း အကျိုးရှိစွာ အသုံးချစေလိုကြောင်း မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ဗဟန်းမြို့နယ်ရှိ YGE Training Center တွင် ဟိုတယ်နှင့် အစားအသောက် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးပြီး ဟိုတယ်အသီးသီးရှိ လုပ်သားများအနေဖြင့် မိမိတို့၏ ကျွမ်းကျင်မှုများဖြင့် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး သင်တန်းသားများကို သင်ကြားပြသပေးရန်  တိုက်တွန်းမှာကြားကာ သင်တန်းကျောင်းတွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းများ စာတွေ့/ လက်တွေ့ ပို့ချနေမှုများ ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်