နေပြည်တော် ဇွန် ၉

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးအလုပ်သမားဆေးရုံကြီး အစည်းအဝေးခန်းမသို့ ရောက်ရှိရာ ဆေးရုံအုပ်ကြီးက ဆောင်ရွက်ထား ရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ဒုတိယဝန်ကြီးသည် လူနာဆောင်များသို့ လှည့်လည်ကြည့်ရှုအားပေး၍ အတွင်းလူနာအဖြစ် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အာမခံအလုပ်သမားများအား ထောက်ပံ့ငွေများ ပေးအပ် လှူဒါန်းသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်သည့် Assessor Methodology Training သင်တန်းဆင်းပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

 

သင်တန်းဆင်ပွဲတွင် ဒုတိယဝန်ကြီးက NSSA အနေဖြင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု “စံ” သတ်မှတ်ရေး ကော်မတီ ၁၆ ခုဖြင့် အလုပ်အကိုင် ၆၉ မျိုးအတွက် ကျွမ်းကျင်မှု “စံ” ၉၁ ခုကို အတည်ပြု ရေးဆွဲခဲ့ပြီး လက်ရှိအခြေအနေတွင် စစ်ဆေးအကဲဖြတ်ရေးဌာန ၂၃၁ ခု၊ စစ်ဆေး ရေးမှူး ၁၀၀၊ စစ်ဆေး အကဲဖြတ်သူ ၆၆၉ ဦးဖြင့်  အလုပ်အကိုင် (၃၈) မျိုးအတွက် ဖြေဆိုသူ ၂၄,၈၉၅ ဦးကို စစ်ဆေး အကဲဖြတ်ခဲ့ရာ အောင်မြင်သူ ၂၂,၇၅၅ ဦးရှိပြီး ၁၈၆၆၆ ဦးအတွက် NSSA ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ကျန်ရှိသူများကို အသိအမှတ်ပြုလက်မှတ်များ ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း။

 

ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးဌာန များစွာတည်ထောင်ရန်လိုအပ်ပြီး အရည်အသွေးပြည့်ဝသည့် စစ်ဆေး အကဲဖြတ်သူများ Assessor များ၊ Chief Assessor များ များစွာမွေးထုတ်ပေးရန် လိုအပ်သဖြင့် ၂၀၁၉ ခုနှစ်မှ လက်ရှိကာလထိ Assessor Methodology Training ၃၄ ကြိမ် ဖွင့်လှစ်ခဲ့ပြီး အလုပ်အကိုင် ၃၇ မျိုးအတွက် Assessor ၆၆၉ ဦးကို မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ Assessor များအနေဖြင့် မိမိတို့၏ စွမ်းဆောင် ရည်မြင့်မားစေရေး အစဉ်လေ့လာသင်ယူနေရန်လိုကြောင်း။

 

သင်တန်းဆင်းများအနေဖြင့် စစ်ဆေးအကဲဖြတ်သူများ လိုက်နာရမည့် ကျင့်ဝတ်များ၊ စစ်ဆေး အကဲဖြတ်ခြင်းမတိုင်မီ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်၊ စစ်ဆေးအကဲဖြတ်နေစဉ်အတွင်း လိုက်နာ စောင့်ထိန်းရမည့်ကျင့်ဝတ်နှင့် တာဝန်ဝတ္တရားများအပြင် စစ်ဆေးအကဲဖြတ်ပြီးချိန်တွင် ဆက်လက်ဆောင်ရွက်ရမည့် တာဝန်များကို ကောင်းစွာသိရှိနားလည် သဘောပေါက်ပြီး  စစ်ဆေးအကဲ ဖြတ်မှုဆောင်ရွက်ရာတွင် လိုက်နာကျင့်သုံးရန်လိုကြောင်း။

မိမိတို့ လေ့လာသိရှိပြီးဖြစ်သည့် ပညာရပ်များကို အခြေခံ၍ ဆင့်ပွားလေ့လာမှုများ စဉ်ဆက်မပြတ်  ဆောင်ရွက်သွားရန်နှင့် ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ခေတ်နှင့်အညီသိရှိရန် ကြိုးပမ်းလေ့လာ၍ NSSA ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းစဉ်များ တွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားသည်။

 

ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်သူနည်းစနစ်သင်တန်း (Assessor Methodology Training)ကို မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ ရည်မှန်းချက်များ အောင်မြင်စေရေး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းစဉ်အတွက် အဓိကကျသည့် Assessor များမွေးထုတ်ပေးရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းကြောင်း သိရသည်။

 (သတင်းစဉ်)