ရန်ကုန် ဇူလိုင် ၁၄

 

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ပြည်လမ်းမပေါ်ရှိ လူမှုဖူလုံရေး-သမားတော် အထွေထွေရောဂါကုဆေးခန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး တို့က လူမှုဖူလုံရေး-သမားတော် အထွေထွေရောဂါကုဆေးခန်းကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဆေးခန်းကို လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

 

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားနှင့် နိုင်ငံတော်က စုပေါင်းထည့်ဝင်ငွေများဖြင့် နိုင်ငံတော်၏ အဓိက ကုန်ထုတ် စွမ်းအားစုဖြစ်သည့် အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေး အတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ငွေလက်ငင်းအကျိုးခံစားခွင့်များကို ခံစား ရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး အနက် (၂) မျိုးကို အကောင်အထည်ဖော်လျှက် အကျိုးခံစားခွင့် (၁၅) မျိုးကို  ဆောင်ရွက်ပေးလျက်ရှိသည်။

 

တိုးတက်များပြားလာသော  အကျုံးဝင် အာမခံအလုပ်သမားများအတွက် ကျန်းမာ ရေး စောင့်ရှောက် မှုများကို ပိတ်ရက်မရှိ အလွယ်တကူ လက်လှမ်းမီရယူနိုင်စေရန် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများနှင့် ပူးပေါင်း၍ စာချုပ်ဆေးခန်းများဖွင့်လှစ်ကာ ကျန်းမာရေး ဝန်ဆောင်မှု ပေးလျက်ရှိရာ ယနေ့ထိ Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊ Fee for Service Payment စာချုပ်ဆေးခန်း ၁၂ ခန်း၊  မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ/ သားဖွားခန်း ၁၀ ခန်း၊ Mobile Medical Unit - ရွေ့လျားဆေးကုသယာဉ် (၂) စီးတို့ဖြင့်  ဝန်ဆောင်မှု ပေးလျက်ရှိသည်။

 

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်တွင် အကျုံးဝင်အာမခံအလုပ်ဌာန (၉၈၁)ဌာနနှင့် အကျုံးဝင် အာမခံအလုပ်သမားဦးရေ (၂၃,၃၁၇) ဦးရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်ပေးနိုင်ရန် လူမှုဖူလုံရေး-သမားတော်ဆေးခန်း ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယခုဖွင့်လှစ်ခဲ့သည့် ဆေးခန်းအပါအဝင် စာချုပ်ဆေးခန်း စုစုပေါင်း ၃၉ ခန်း ဖွင့်လှစ်ထားပြီး  လူမှုဖူလုံရေးအဖွဲ့၏ လိုအပ်ချက်ရှိသော နေရာဒေသများတွင် စာချုပ်ဆေးခန်းများ ထပ်မံတိုး ချဲ့ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

အာမခံအလုပ်သမားများအတွက် ကျန်းမာရေးဝန်ဆောင်မှုများအပြင် နိုင်ငံပိုင်ဆေးရုံများတွင် ပြသ၍ ကုန်ကျခဲ့သော ဆေးဖိုးငွေများကို ကာယကံရှင်အာမခံ အလုပ် သမားထံ လူမှုဖူလုံရေး ရန်ပုံငွေမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ပြန်လည်ထုတ်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၇/၂၀၂၂ မှ ၆/၂၀၂၃ အထိ ဆေးဖိုးအမှုတွဲပေါင်း (၆၉,၂၇၄) မှုအတွက် ဆေးဖိုးကုန်ကျငွေ ကျပ်သန်းပေါင်း (၃၇၄၂ ဒသမ ၃၅၆) သန်း ထုတ်ပေး ခဲ့ပြီးဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အနော်ရထာစက်မှုဇုန်ရှိ CMP အထည်ချုပ် စက်ရုံများ ဖြစ်သည့် Myanmar Guotai Huasheng Glory Fashion Co., Ltd၊ Myanmar Huasheng Golden Fashion Co., Ltd  နှင့် Best Choice Garnment Co., Ltd စက်ရုံတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို စဉ်ဆက်မပြတ် ဆက်သွယ် ဆောင်ရွက်ရန်နှင့် သုံးပွင့်ဆိုင် ယန္တရား ပိုမိုအားကောင်းစေရေး  အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)