နေပြည်တော် နိုဝင်ဘာ ၄
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန် သည် ယနေ့နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ်၊ မင်းနန်သူရွာရှိ Aureum Palace Hotel Assessment Center တွင် အိပ်ခန်းဆောင်ထိန်းသိမ်းရေးအလုပ်အကိုင် (Room Attendant) Level-1 ဖြေဆိုသူ (၁၈) ဦး စစ်ဆေးအကဲဖြတ်နေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ဒုတိယဝန်ကြီးက ၂၀၁၄ ခုနှစ်မှ ယခုအချိန်ထိ ဟိုတယ်စားပွဲထိုး၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် ဧည့်ကြိုအလုပ်အကိုင် (၃) မျိုးတွင် သတ်မှတ်အရည်အချင်း ပြည့်မီသူ (၁၄၈၅) ဦးကို ကျွမ်းကျင်လုပ်သားများအဖြစ် သတ်မှတ်၍ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်များ ပေးအပ်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးမှာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့် ဆက်နွယ်နေပြီး ဟိုတယ်လုပ်ငန်းကဏ္ဍရှိ အလုပ်အကိုင်များ အဓိကပါဝင်လျက်ရှိသဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသွားဧည့်သည်များ လည်ပတ်မှုများပြားသည့် ဒေသဖြစ်၍ အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ရန်လိုကြောင်း၊ ဝန်ဆောင်မှုပေးနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရန် Assessment Center က အသိအမှတ်ပြုထားသည့် အလုပ်အကိုင် (၄) မျိုးအတွက် စီမံချက်ဖြင့် ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်နိုင်ရေး ဆောင်ရွက်ပြီး အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ် ပေးအပ်နိုင်ရေး ကျွမ်းကျင်မှုစစ်ဆေး အကဲဖြတ်ခြင်းလုပ်ငန်းစဉ်တွင် စဉ်ဆက်မပြတ် ပါဝင်ဆောင်ရွက်ပေးရန်နှင့် အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်ရေး အထောက်အပံ့ပေးရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်