နေပြည်တော် ဖေဖေါ်ဝါရီ ၂၄
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး၊ စက်မှုဇုန်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန် ကနောင်ခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များမှ ဥပဒေနှင့် အညီဖွဲ့စည်းထားသည့် အလုပ်သမားအဖွဲ့အစည်းများမှ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံ ၍ အားပေးစကားပြောကြားသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက အလုပ်အမှုဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်အရ လစဉ် ကောက်ခံရရှိသော ရန်ပုံငွေများ၊ အခြားရန်ပုံငွေများနှင့် အသုံးစာရင်းများအတွက် လချုပ်ငွေ စာရင်းနှင့် နှစ်ချုပ်ငွေစာရင်းများ ပြုစုထားရှိရမည့်အပြင် နှစ်စဉ် ဘဏ္ဍာရေးနှစ် ကုန်ဆုံးသည့် အခါတိုင်း အလုပ်သမားအဖွဲ့အစည်း၏ နှစ်ချုပ်ငွေစာရင်းကို သက်ဆိုင်ရာ မြို့နယ်မှတ်ပုံတင် အရာရှိထံ မပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း၊ အလုပ်အမှုဆောင်အဖွဲ့၏ သက်တမ်းသည် ၂ နှစ်သာဖြစ်၍ အလုပ်သမားအဖွဲ့အစည်းများမှ အလုပ်အမှုဆောင်အဖွဲ့အသစ် ပြန်လည်ရွေးချယ်ရန် အလေးထားဆောင်ရွက်ရမည် ဖြစ်ကြောင်း။
အလုပ်သမားအဖွဲ့အစည်းများ၏ ရန်ပုံငွေကို ယင်းတို့၏ ဖွဲ့စည်းပုံစည်းမျဉ်းများတွင် ဖော်ပြထားသည့် လူမှုသက်သာချောင်ချိရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ကျွမ်းကျင်မှု ဆိုင်ရာသင်တန်းစသည့် ကိစ္စရပ်များနှင့် ယင်းကိစ္စရပ်များအတွက် ရည်ရွယ်ခေါ်ယူကျင်းပသော အဆိုပါအလုပ်သမားအဖွဲ့အစည်း၏ အထွေထွေအစည်းအဝေးတွင် အဖွဲ့ဝင်အများစုက အတည်ပြု ချမှတ်ထားသည့် ကိစ္စရပ်များတွင်သာ သုံးစွဲရမည်ဖြစ်ပြီး သက်ဆိုင်ရာအလုပ်အမှုဆောင်အဖွဲ့ သည် မိမိအဖွဲ့အစည်း၏ ရန်ပုံငွေကို မြန်မာနိုင်ငံအတွင်းရှိ ဘဏ်တစ်ခုခုတွင် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိရမည်ဖြစ်ကြောင်း။
အလုပ်ရှင်နှင့်အလုပ်သမားများသည် အလုပ်သမားအဖွဲ့အစည်း ဥပဒေပါ ပြဋ္ဌာန်းချက်များ ကို ကောင်းစွာသိရှိလိုက်နာ၍ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပြီး အခက်အခဲရှိပါက မြို့နယ် မှတ်ပုံ တင်အရာရှိမှတစ်ဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဦးစီးမှူးထံ တင်ပြပြီး မှတ်ပုံတင်အရာရှိချုပ်ထံ တင်ပြဆောင်ရွက်နိုင်ကြောင်း၊ အလုပ်သမားအဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုလက်မှတ် ပုံစံ ၇ ကို စနစ်တကျ ထိန်းသိမ်းထားရန်နှင့် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက် လိုပါက ပုံစံ ၁၀ ဖြင့် တင်ပြဆောင်ရွက်နိုင်ကြောင်း။
လက်ရှိအစိုးရအနေဖြင့် အလုပ်ရှင်၊ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းမှုကို ပိတ်ပင် တားဆီးခြင်း မရှိကြောင်း၊ ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း၊ ဥပဒေနှင့်အညီ ဖွဲ့စည်းခွင့် တင်ပြခြင်းမရှိသည့် အဖွဲ့အစည်းများကိုသာ ဖွဲ့စည်းခွင့် မပြုခဲ့ခြင်းဖြစ်ကြောင်း၊ အခြား ဥပဒေနှင့်မညီသော ဆောင်ရွက်လှုပ်ရှားသူ၊ ချိုးဖောက်သူများကိုသာ အရေးယူဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အလုပ်သမားအဖွဲ့အစည်းများ အနေဖြင့် ဆက် လက်တည်ရှိနေကြောင်း။
အလုပ်ရှင်သည် သက်ဆိုင်ရာ အလုပ်အမှုဆောင်အဖွဲ့၏ ထောက်ခံချက်ဖြင့် တာဝန်တစ်ခုခု ပေးအပ်ခြင်းခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးကို အခြားနည်း သဘောတူညီထားသည်မှ အပ ယင်းတာဝန်ကို ထမ်းဆောင်ရန် တစ်လလျှင် ၂ ရက်ထက် မပိုစေဘဲ ခွင့်ပြုရမည်၊ ယင်း ကာလကို မိမိလုပ်ငန်းရှိ မူလတာဝန်ကို ထမ်းဆောင်နေသကဲ့သို့ မှတ်ယူရမည်ဖြစ်ရာ အလုပ်ရှင်၏ ပူးပေါင်းဆောင်ရွက်ပေးမှုကို အလေးထားသောအားဖြင့် အလုပ်သမားများမှ သတ်မှတ် ရက်ထက် အခွင့်အရေးသဖွယ် အသုံးမချရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူ များက ပြန်လည်ဖြေကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
(သတင်းစဉ်)