နေပြည်တော် ၃၀ ဒီဇင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင် သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့အနီးရှိ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ off take station နှင့် ထောက်ရှာပင်/ကမ်းနီရေနံမြေများသို့ ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့အနီးရှိ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ off take station သို့ရောက်ရှိရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက နိုင်ငံ၏လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်စည်းပေးနေသော ဓာတ်အားပေးစက်ရုံများအတွက် သဘာဝဓာတ်ငွေ့ရရှိမှုသည် အဓိကအရေးကြီးပါကြောင်း၊ သဘာဝဓာတ်ငွေ့များ ထုတ်ယူဖြန့်ဖြူးနေသော off take point များမှ သဘာဝဓာတ်ငွေ့များကို စဉ်ဆက်မပြတ် ပုံမှန်ပို့လွှတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း မှာကြားခဲ့ပြီး control station တွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ရေနံချောင်း off take station သည် ရွှေကမ်းလွန်စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့များကို အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ပြည်တွင်းရှိ မကွေး (၆၆) မဂ္ဂါဝပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အခြားစက်ရုံများသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ (၁၇) သန်းခန့် ပုံမှန်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်/ကမ်းနီရေနံမြေသို့ ထွက်ခွာရောက်ရှိရာ ထောက်ရှာပင်ရေနံမြေ အစည်းအဝေးခန်းမ၌ ထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက လိုအပ်သည်များကို မှာကြားသည်။
ထောက်ရှာပင်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အတွင်းတည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်သော သဲကြောပေါင်း (၂၀) ခုကို ၁၉၇၈ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တူးဖော်ပြီးတွင်းပေါင်း (၈၈၄) တွင်းနှင့် လက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူနေသော တွင်းပေါင်း (၁၂၄) တွင်းမှ တစ်ရက်လျှင် ရေနံစိမ်း (၄၄၀) စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ (ဝ.ဝ၄၅) ကုဗပေသန်းခန့် ထုတ်ယူရရှိနေပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက်ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ်းနီရေနံမြေရှိ တွင်းသစ်တူဖော်မည့် တွင်းအမှတ် (က-၃၁၂) သို့ရောက်ရှိရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ဘူမိဗေဒအရာရှိကြီးက တွင်းသစ်တူးဖော်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက တွင်းတူးဖော်နေစဉ် ကြုံတွေ့ရမည့်အခက်အခဲများကို အကောင်းဆုံးကျော်ဖြတ်နိုင်ရေး၊ ဘေးအန္တရယ်ထိခိုက်မှု မရှိစေရေးကိုလဲ ဂရုတစိုက်ဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက် ရေနံတွင်းသစ်အား ဒုတိယဝန်ကြီးက စက်ခလုပ်နှိပ်၍ စတင်တူးဖော်ပေးခဲ့ပြီး ကမ်းနီဒေသ ရေနံစုပေါင်းလက်ခံသံကန်တန်း အမှတ်( ၂ ) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံတော်အတွက်လိုအပ်သော ရေနံနှင့်သဘာဝ ဓာတ်ငွေ့များကို ယခုထက်ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်/ ကမ်းနီရေနံမြေရှိ ကမ်းနီဒေသတွင် တွင်းအမှတ် (က-၃၁၂) ကို National (55/8) တွင်းတူစက်ဖြင့် အနက်ပေ (၃၄၀ဝ) အထိ တွင်းသစ်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)