နေပြည်တော် ဧပြီ ၂၁

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင် ဇေယျသည် ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ် သယံဇာတ ရေးရာဝန်ကြီးနှင့်အတူ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ အမှာစကား ပြောကြားသည်။ တွေ့ဆုံပွဲတွင် ဒုတိယ ပါမောက္ခချုပ်က မန္တလေးငလျင် ကြီးဒဏ်ကြောင့် ပင်မသုံးထပ် စာသင်ဆောင်နှင့် အခြားထိခိုက်ပျက်စီးမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုးထွန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များအတိုင်း တိတိကျကျ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းမှာကြားပြီး ကျောင်းဖွင့်ချိန်၌ သင်တန်းများကို ပုံမှန်အတိုင်းဖွင့်လှစ်နိုင်ရေး လုပ်ငန်းများဆိုင်ရာ လိုအပ်ချက် များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပင်မသုံးထပ် စာသင်ဆောင်ရှိလော်ဘီ၌ ကွန်ကရစ်တိုင်များ၊ Bean လိုင်း များနှင့် လှေကားခွင်တွင် Structure နှင့် Strength ထိခိုက် ပျက်စီးမှုအခြေအနေများ၊ မြေညီ ထပ်၊ ပထမထပ်နှင့် ဒုတိယ ထပ်တို့တွင် ကွန်ကရစ်တိုင်များ၊ Bean လိုင်းများ၊ နံရံများ၊ မျက်နှာကြက်များ၊ လှေကားခွင်များ၊ Joint အဆက် ကော်လံတိုင်များတွင် ထိခိုက်ပျက်စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 

နေ့လယ်ပိုင်းတွင် ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် အစိုးရစက်မှု လက်မှုသိပ္ပံ (တောင်ကြီး)သို့ ရောက်ရှိပြီး အဆိုပါ သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း(ပင်းပက်)တို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ နှင့် ဝန်ထမ်းများက သာမန်အဆင့် အသေးစားထိခိုက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နည်းပညာ၊ သက်မွေး ပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဉာဏ်ဝင်းသန်းက ဖြည့်စွက်ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးနှင့် ပြည်နယ် သယံဇာတရေးရာဝန်ကြီးတို့က လိုအပ်သည်များမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။

သတင်းစဉ်