နေပြည်တော်  ၆  အောက်တိုဘာ 

 

 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် အောက်တိုဘာ ၅ ရက် တွင်မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိလျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၏ ၂၃၀ ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံနှင့် ရန်ကုန်-မန္တလေးအမြန် လမ်းမကြီးမိုင်တိုင်အမှတ် (၃၆၃/၄) အနီးရှိမြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသောအရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းပင်မထိန်းချုပ်ရေးစခန်း(မန္တလေး)တို့အားသွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ရှေးဦးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်ရှိလျှပ်စစ်ဓာတ်အား ပို့လွှတ် ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၏ ၂၃၀ကေဗွီ ရွှေစာရံပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး လုံခြုံ စိတ်ချရသည့် ဓာတ်အားစနစ်ဖြစ်စေရေး၊ ဗို့အားစနစ်တည်ငြိမ်မှုရှိစေရေး၊ ဓာတ်အား ပျောက်ဆုံးမှုလျော့နည်းကျဆင်းရေးနှင့် လုပ်ငန်းခွင်အတွင်း ထိခိုက်မှုမရှိစေရေးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ဓာတ်အား ခွဲရုံအတွင်း ၂၃၀/၃၃/၁၁ကေဗွီ၁၀ဝအမ်ဗွီအေ ထရန်စဖော်မာ တိုးချဲ့တပ်ဆင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။        

 

 

ယင်းနောက် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၆၃/၄)အနီးရှိ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပင်မ ထိန်းချုပ်ရေးစခန်း (မန္တလေး)သို့ ရောက်ရှိပြီးရေနံနှင့်သဘာဝဓာတ်ငွေ့ထိန်းချုပ်ပို့လွှတ်နေသော Control Centre အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ အားကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် စီမံကိန်းကာလအတွင်းလုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြခန်း၊ ထိန်းချုပ်ရေး စခန်းအတွင်းဝန်ထမ်းများအတွက် ဆောက်လုပ်ပေးထားသော အားကစားခန်းမများ၊ အိပ်ခန်းများ၊ စားသောက်ခန်းမတို့အား လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။

 

thh

 

အဆိုပါအရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရေနံစိမ်း ၃၂ လက်မပိုက်လိုင်း ၇၇၁ ကီလိုမီတာနှင့် သဘာဝဓာတ်ငွေ့လက်မ ၄၀ ပိုက်လိုင်း ၇၉၃ ကီလိုမီတာရှိသည်။ ရခိုင်ပြည်နယ်၊မဒဲကျွန်းမှမကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့ကိုဖြတ်သန်းကာ တရုတ်နိုင်ငံသို့တစ်ရက်လျှင် ပျမ်းမျှရေနံစိမ်း မက်ထရစ်တန် ၁၆၀ဝ၀ ခန့်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၄၀ဝ ခန့်နေ့စဉ်ပို့လွှတ်ပေး လျက်ရှိပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့်နေ့စဉ် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၁၀ဝ ခန့် ရယူ သုံးစွဲလျက်ရှိသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုံခြုံတည်ငြိမ်စွာဖြင့်စဉ် ဆက် မပြတ်ပုံမှန် လည်ပတ်နိုင်ရန်နည်းပညာဝန်ထမ်းများက Supervisory Control and Data Acquisition (SCADA) စနစ်ဖြင့်ပိုက်လိုင်းတလျှောက်လည်ပတ်မှုအခြေအနေများကို ၂၄ နာရီမပြတ် အချိန်ပြည့်စောင့်ကြည့်လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)