နေပြည်တော် ၂၂ စက်တင်ဘာ
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အမရပူရမြို့နယ်ရှိ ၂၃၀ကေဗွီဒေါင်းရွေးပင်မ ဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၁၃၂ ကေဗွီတံခွန်တိုင်ပင်မ ဓာတ်အားခွဲရုံနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီအောင်ပင်လယ်ပင်မဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် တံခွန်တိုင်ပင်မဓာတ်အားခွဲရုံအတွင်း ၁၃၂/၃၃/၁၁ ကေဗွီ ၁၀ဝအမ်ဗွီအေထရန်စဖော်မာ အစားထိုးတပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀ဝအမ်ဗွီ အေထရန်စဖော်မာ တိုးချဲ့တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
အသစ်တည်ဆောက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မဓာတ်အားခွဲရုံသည် မန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ ထုံးဘို-မြစ်ငယ် ကားလမ်းအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ၂၃၀ ကေဗွီ ရွှေစာရံပင်မ ဓာတ်အားခွဲရုံမှတဆင့် မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားတိုးတက် ဖြန့်ဖြူး ပေးနိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ်ဖြန့်ဖြူး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


