နေပြည်တော် မတ် ၂၆

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ယမန်နေ့နံနက်ပိုင်းက မန္တလေးမြို့၊ အနုပညာအထက်တန်းကျောင်းဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် နှစ်ထပ် ကျောင်းသူအဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။

ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မန္တလေးတိုင်းဒေသကြီး၊ မြနန်းစံကျော် ရွှေနန်းတော် မြေနန်းပြာသာဒ်ဆောင်ရှိ လက်ယာ/ လက်ဝဲ ပွဲတက်ဆောင်များ၏ ကြမ်းခင်းအား ကွန်ကရစ်အစား သစ်သားလျှာထိုးခင်းခြင်းလုပ်ငန်း၊ နန်းဆောင်များအား ဆေးသုတ်ခြင်းလုပ်ငန်း၊  မြေနန်း ပြာသာဒ်ဆောင်ရှိ တိုင်လုံးများအား မြန်မာမှုလက်ရာ ယွန်းကြိုးထိုးခြင်းလုပ်ငန်းနှင့် မှန်နန်းဆောင်ရှိ ဘုရင့်အိပ်ဆောင်ခန်းတွင် နန်းသုံးပစ္စည်းများ ပြုလုပ်မွမ်းမံခင်းကျင်းခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် သစ်တပ်မြို့ရိုးအတွင်းရှိ တံခါးနီမြို့ရိုး တူးဖော်၊ ထိန်းသိမ်းခြင်းလုပ်ငန်း၊ အမြောက်ပြတိုက်၊ စည်ရှည်တံတား တည်ဆောက်ပြီးစီးမှု၊ ပြအိုး၊ ပြာသာဒ်နှင့် မန္တလေးနန်းမြို့ရိုး တောင်ဘက်ခြမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး အတုမရှိကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော စူဠာမုနိရုပ်ရှင်တော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုသည်။ 
ယင်းနောက် ကုသိုလ်တော်ဘုရားရှိ Pagoda Digital Directory ဆောင်ရွက်ထားရှိမှု၊ သုဓမ္မာဇရပ်အား ရှေးမူမပျက် ပြန်လည်ဖော်ထုတ်တည်ဆောက်မည့်နေရာနှင့် မန္တလေး ယဉ်ကျေးမှု ပြတိုက်တွင် ပြသပစ္စည်းများ ခင်းကျင်းပြသထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်