နေပြည်တော် မတ် ၁၃
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ သည် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရေစီမံခန့်ခွဲမှုပညာရှင် Dr Massimo Sarti နှင့် ပူးပေါင်း၍ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ရေလမ်းကြောင်း ချိတ်ဆက်မှုများ၊ ပုဂံခေတ်ရေလမ်းကြောင်းများ၊ ရှေးဟောင်း ရေကန် ဆယ်ယူ ထိန်းသိမ်းမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ဉီးစွာဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နယ်စပ်ရေးရာဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဖျောက်ဆိပ်ပင်ကန်အမှတ်(၁)၊(၂)၊(၃)၊ ၎င်းနောက်သမ္ဘူလကန်၊ အမနာကန်၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ဆယ်ယူထိန်းသိမ်းခဲ့သည့် လေးမျက်နှာကန်၏ သဲစစ်ကန် ထိန်းသိမ်းမှုလုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့် ဇယဝေရီကန်မှ ပို့ကျသဲနုန်းများ ဆယ်ယူထိန်းသိမ်းမှုလုပ်ငန်း၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန က ဆယ်ယူထိန်းသိမ်းခဲ့သည့် ပျားကြီးစွဲကန်၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆယ်ယူထိန်းသိမ်းဆောင်ရွက်လျက်ရှိသည့် မင်္ဂလာကန် (၃)တို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ကန်များဆယ်ယူထိန်းသိမ်းရာတွင် မြေအောက်တွင်မ မြင်နိုင်သည့် ရှေးဟောင်းအဆောက်အအုံများ၊ အုတ်ရိုးတန်းများ တွေ့ရှိနိုင်သည့်အတွက် အထူးဂရုပြု အလေးထားဆောင်ရွက်သွားရန်နှင့် ရေကန်များတွင် ရေဝင်နိုင်စေရန်အတွက် မူလရေလမ်းကြောင်းနှင့် ချိတ်ဆက်၍ စနစ်တကျ ဆောင်ရွက်သွားရန် ၊ ပုဂံသည် ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်သည်နှင့်အညီ ဌာနဆိုင်ရာများအနေဖြင့်လည်း အလားတူ ရှေးဟောင်း ရေကန်များ ဆယ်ယူပြုပြင်ထိန်းသိမ်းရန်အတွက် သတိပြု၍ စနစ်တကျ ဆောင်ရွက်ပေးရန် လိုပါကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူပြည်သူများ၏ လှူဒါန်းမှုဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများဖြစ်၍ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်များ လေလွင့်မှုမရှိစေရေး စနစ်တကျ ဆောင်ရွက်ရန်၊ အရည်အသွေး ကောင်းမွန်သပ်ရပ်အောင် ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်