နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄)ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတက်ရောက်
နေပြည်တော်၊ ဇန်နဝါရီ ၂၁
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ နည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ အားကစားအဆင့်အတန်းကို မြှင့်တင်နိုင်စေရန်၊ တက္ကသိုလ်ကိုယ်စားပြု အားကစား လက်ရွေးစင်များမှတစ်ဆင့် နိုင်ငံ့လက်ရွေးစင် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်၊ ကျောင်းသား ကျောင်းသူများအတွက် ပညာရေးကဏ္ဍသာမက ကိုယ်ကာယကြံ့ခိုင်မှု၊ ကျန်းမာသန်စွမ်းမှု၊ အချင်းချင်းစည်းလုံးညီညွတ်မှု၊ အသင်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်တတ်မှုစသည့် အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်၊ စိတ်ဓာတ်၊ စည်းကမ်းနှင့် အရည်အချင်းပြည့်ဝသည့် အားကစားသမားကောင်းများပေါ်ထွက်လာစေရန် ဆိုသည့် ရည်ရွယ်ချက်ကောင်း များဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာသန်စွမ်းကြံ့ခိုင်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ်များ များစွာရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံတော်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မလွဲမသွေ အဓိကလိုအပ်သည့်အချက်မှာ အင်ဂျင်နီယာ ပညာရပ်များနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ပညာရပ်များ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အင်ဂျင်နီယာပညာရပ်များနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာပညာရပ်များကို နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များတွင် သင်ကြားပေးလျက်ရှိပြီး ဒေသအလိုက်လိုအပ်ချက်နှင့် ကိုက်ညီသည့် ဘာသာရပ်များကိုလည်း တိုးချဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
ယခုဆိုလျင် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီ နည်းစနစ်များဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်ရေး စိုက်ပျိုးရေးအင်ဂျင်နီယာ ဘာသာရပ် ကိုလည်း တိုးချဲ့သင်ကြားပေးလျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် အရည်အချင်း ပြည့်ဝသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာပညာရှင်များနှင့် ဗိသုကာပညာရှင်များ လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်နိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာပညာ ရပ်ဆိုင်ရာနယ်ပယ်များတွင် ကျောင်းသားကျောင်းသူများ၏ အသက်မွေးဝမ်းကျောင်းမှု မြှင့်တင်နိုင်ရန်နှင့် လက်တွေ့လုပ်ငန်းခွင်တွင် လိုအပ်သည့် အရည်အချင်းနှင့် အရေအတွက် ပြည့်မီစေရန်အတွက် နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်တို့ကို ပေါင်းစပ်ပြီး ပိုလီတက္ကနစ်တက္ကသိုလ်အဖြစ် ဘက်ပေါင်းစုံကနေ အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ယင်းတက္ကသိုလ်များမှ ပညာရည်ထူးချွန်ထက်မြက်ရုံ သာမက စိတ်ဓာတ် အရည်အသွေးပြည့်မီပြီး အင်ဂျင်နီယာကျင့်ဝတ်၊ ပညာရှင်ကျင့်ဝတ်များကို လေးစားလိုက်နာပြီး နိုင်ငံတော်က အားထားရသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွက်လာစေရေး ကြိုးပမ်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လူမှုရေးဦးတည်ချက် (၃) ရပ်နှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစွမ်းအားစုများဖြစ်သည့် လူငယ်များကို ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော်ဆောင်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှု မြှင့်တင်နိုင်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များအဖြစ် ပြုစုပျိုးထောင် နိုင်ရေးတို့အတွက် ယခုကဲ့သို့ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ကျင်းပပေးရခြင်း ဖြစ်ပါကြောင်း။
ယခုကဲ့သို့ အားကစားပြိုင်ပွဲများ ကျင်းပပေးနေသည့်အပြင် တက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများ အားလပ်ချိန်၌ ကိုယ်လက်ကြံ့ခိုင်ရေး၊ စိတ်ဓာတ်ကြံ့ခိုင် ရေးနှင့် စိတ်လက် အပန်းဖြေအနားယူစဉ် မိမိဝါသနာပါသည့် အားကစားနည်းများကို လေ့ကျင့်ကစားစေနိုင်ရန်အတွက် ဘောလုံးကွင်းများ၊ မိုးလုံလေလုံအားကစားရုံများ၊ အားကစားနည်းအလိုက် လိုအပ်သည့် အားကစားကွင်းများ အားကစားအသုံးအဆောင် ပစ္စည်းများကို နှစ်အလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး နှစ်စဉ်တက္ကသိုလ် တွင်း အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပေးလျက် ရှိပါကြောင်း၊ အားကစားသမိုင်းကြောင်းတွင်လည်း အင်ဂျင်နီယာတက္ကသိုလ် ကျောင်းသား အားကစားသမားများသည် တက္ကသိုလ်လက်ရွေးစင်အဆင့်မှ နိုင်ငံ့လက်ရွေးစင် အားကစားသမား အဆင့်ထိ ထူးချွန်ခဲ့ကြသည့် အစဉ်အလာကောင်းများ ရှိခဲ့သည်ကိုလည်း တွေ့ရပါကြောင်း။
ဘဝတွင် ကျန်းမာရေးသည် “အာရောဂျံ ပရမံလာဘံ”ဆိုသည့်အတိုင်း ကျန်းမာရေးသည် လာဘ်တစ်ပါးဖြစ်သည့်အတွက် နိုင်ငံတော်အကြီးအကဲက အားကစားရာသီတွင်သာ အားကစား လှုပ်ရှားမှုများကို ဆောင်ရွက်ရမည် မဟုတ်ဘဲ နွေ၊ မိုး၊ ဆောင်း ဥတု (၃)ပါးလုံး ဆောင်ရွက်ရန်နှင့် အားကစားလှုပ်ရှားမှု အရှိန်ကို ရာသီအားလုံးတွင် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ထို့ကြောင့် လူငယ်များ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် ကိုယ်လက် လှုပ်ရှားအားကစား တစ်ခုခုကို အစဉ်လေ့ကျင့်နေခြင်းဖြင့် ကျန်းမာကြံ့ခိုင်သည့် လူငယ်များဖြစ်အောင် ကြိုးစားကြရန် တိုက်တွန်းမှာကြား လိုကြောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အနေဖြင့်လည်း ယခင်နှစ်များက ဝန်ကြီးဌာနအဆင့် ဘောလုံးအားကစား ပြိုင်ပွဲတစ်ခုတည်းသာ ကျင်းပပေးနိုင်ခဲ့ရာမှ ယခုပညာသင်နှစ်တွင် ဝန်ကြီးဌာနအဆင့် ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ် ပြိုင်ပွဲများကိုပါ ထပ်မံ တိုးချဲ့ ကျင်းပပေးနိုင်ခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါကြောင်း။
(၂၀၂၃-၂၀၂၄) ပညာသင်နှစ်တွင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ယနေ့မှစ၍ (၁၃) ရက်တာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တက္ကသိုလ်များတည်ရှိရာ ဒေသအလိုက်ဖွဲ့စည်းထားသည့် အသင်း (၁၄) သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး ရည်ရွယ်ချက်များအတိုင်း အကျိုးထိရောက်မှုရှိမည့် ပြိုင်ပွဲများဖြစ်မည်ဟု မျှော်လင့်မိ ပါကြောင်း၊ ယခုကဲ့သို့ ပြိုင်ပွဲများမှတစ်ဆင့် မြန်မာနိုင်ငံအတွက် ထူးချွန် ပြောင်မြောက်သည့် နိုင်ငံလက်ရွေးစင် အားကစားသမားများမလွဲမသွေ ပေါ်ထွက်လာမည်ဟု အပြည့်အဝယုံကြည် ပါကြောင်း၊ ယခုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များက အားကစားအသင်းများမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် အားကစားသမားများ စုစုပေါင်း (၄၃၇)ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟု သိရသည့်အတွက် ဝမ်းသာအားရမိပါကြောင်း၊ ဝန်ကြီးဌာနဂုဏ်နှင့် မိမိတို့တက္ကသိုလ်၏ဂုဏ်ကို မြှင့်တင်ပေးနိုင်မည့် အားကစားသမားများနှင့် နိုင်ငံ လက်ရွေးစင်အားကစားသမားများ မလွဲမသွေပေါ်ထွက်လာမည်ဟု အပြည့်အဝယုံကြည်ပါကြောင်း။
စိတ်ဓာတ်စည်းကမ်း ကောင်းမွန်သော၊ ကျန်းမာကြံ့ခိုင်သော၊ ကျင့်ဝတ်လေး စားလိုက်နာသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်စေရန်နှင့် နိုင်ငံ့အကျိုးသယ်ပိုးမည့် အနာဂတ်၏ သားကောင်းရတနာများဖြစ်စေရန်အတွက် ကြိုးစားကျင့်ကြံသွားကြရန် တိုက်တွန်းလိုပါကြောင်း၊ အားကစားပြိုင်ပွဲများ ယှဉ်ပြိုင်သည်အခါတွင်လည်း စည်းကမ်းရှိရှိ၊ နည်းစနစ်ကျကျ၊ အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် မိမိတို့၏ စွမ်းအားကုန် ရေကုန်ရေခမ်း ကြိုးပမ်းအား ထုတ်ယှဉ်ပြိုင်ကြ၍ မိမိတို့တက္ကသိုလ်အတွက် ဆုတံဆိပ်အသီးသီးကိုလည်း ဆွတ်ခူးရရှိပြီး နိုင်ငံ့လက်ရွေးစင် အားကစားသမားများအဖြစ် အောင်မြင်မှုများ ရရှိနိုင်ကြပါစေကြောင်း ပြောကြားပြီး “နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အားကစားမောင်မယ် ကျောင်းသားကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့သည် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အသင်းများမှ အသင်း အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမား များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ မျိုးဆက်သစ်အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများ၏ တေးသီချင်းများ၊ အေရိုးဗစ်အက၊ Zumba အက၊ ဝူရှူးနှင့် တိုက်ကွမ်ဒို အားကစားနည်းတို့ဖြင့် သီဆိုသရုပ်ပြ ဖျော်ဖြေမှုတို့ကို ကြည့်ရှု အားပေးကြသည်။
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအား ကစားပြိုင်ပွဲကို ဇန်နဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစား ရုံများနှင့် လေ့ကျင့်ရေးဘောလုံးကွင်းများ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


