ရန်ကုန် မေ ၃၁

 

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော အေးရှားဝေါလ် ဆိပ်ကမ်း၊ ထီးတန်းဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းများ၌ အကောက်ခွန် ကုန်ပစ္စည်း စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဦးစွာ အေးရှားဝေါလ်ဆိပ်ကမ်း အစည်းအဝေးခန်းမ၌ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အကောက်ခွန် ဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အပြည်ပြည် ဆိုင်ရာဆိပ်ကမ်းများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေက အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် အကောက်ခွန်ကုန်ပစ္စည်းစစ်ဆေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများမှ ကိုယ်စားလှယ်များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

 

ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်အရေးကြီး

ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ သွင်းကုန်ပစ္စည်းများ စနစ်တကျတင်သွင်းရောက်ရှိရေးနှင့် ဆိပ်ကမ်း ဝန်ဆောင်မှု ဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးမှာ အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ကုန်စည်စီးဆင်းမှုလျင်မြန်ချောမွေ့စေရေး၊ မူးယစ်ဆေးဝါးအပါအဝင် တရားမဝင် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းခြင်းများမှ ကာကွယ်တားဆီးနိုင်ရေး၊ မလိုလားအပ်သော အုပ်ချုပ်မှုဆိုင်ရာ အဟန့်အတားများ ဖြေရှင်းဆောင်ရွက်ပေးရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန်မှာ အရေးကြီးပါကြောင်း၊ သို့ဖြစ်ရာပို့ကုန်တင်ပို့မှုလုပ်ငန်းများ ပိုမိုအဆင်ပြေစေရန်၊ သွင်းကုန် တင်သွင်းမှုများ စနစ်တကျဖြစ်စေရန်၊ တရားမဝင် ကုန်ပစ္စည်းများ တင်ပို့၊ တင်သွင်းမှု မရှိစေရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှု လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ကြစေလိုကြောင်း၊ ဆွေးနွေး တင်ပြချက်များအား သက်ဆိုင်ရာဌာန အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ကြည့်ရှုစစ်ဆေး

ထို့နောက် အေးရှားဝေါလ်ဆိပ်ကမ်း (Container Freight Station-CFS) တွင် ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေးဆောင်ရွက်နေမှုများနှင့် အေးရှားဝေါလ်ဆိပ်ကမ်းရှိ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် အေးရှားဝေါလ်ဆိပ်ကမ်းနှင့် ထီးတန်းဆိပ်ကမ်းတို့ကိုလည်းကောင်း မြန်မာ့စက်မှု ဆိပ်ကမ်း၌ ဆိပ်ကမ်းလုပ်ငန်းဆောင်ရွက် နေမှုများ၊ ပူးပေါင်းအဖွဲ့ဖြင့် ကုန်ပစ္စည်းစစ်ဆေး ဆောင်ရွက်နေမှုများ၊ X-Ray စက်ဖြင့် ကုန်သေတ္တာများ ဖြတ်သန်းစစ်ဆေး ဆောင်ရွက်နေ မှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခြင်း၊ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်